Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

လတ်ဆတ်သောဒူးရင်းသီးများတရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိခဲ့သည့် ကမ္ဘောဒီးယားလုပ်ငန်း ၁၁၂ခု

     ဧပြီလတွင် ညှိနှိုင်းချက်မှတ်တမ်းလက်မှတ်ရေးထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် လတ်ဆတ်သောဒူးရင်းသီးများ တရုတ်ဈေးကွက်သို့တိုက်ရိုက်တင်ပို့မှုစတင်ရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GACC) ၏ ခွင့်ပြုချက်တရားဝင်ရရှိခဲ့ကြောင်း သိရပါ သည်။ ထိုဆုံးဖြတ်ချက်ကို GACC က တရုတ်နိုင်ငံ၏ ကောင်းမွန်သောစိုက်ပျိုးမှုအလေ့အထ (GAP)၊ phytosanitary လိုအပ်ချက်များနှင့် အစားအစာလုံခြုံရေးစံနှုန်းများနှင့် ပြည့်မီသည့် ဒူးရင်းစိုက်ခင်း ၁၁၂ ခုနှင့် ထုတ်ပိုးသည့်လုပ်ငန်း ၃၀ တို့၏ မှတ်ပုံတင်ခြင်းကိုခွင့်ပြုပြီး‌နောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) က စိုက်ခင်းနှင့် ထုတ်ပိုးသည့်လုပ်ငန်းပိုင်ရှင်အားလုံးအား ညှိနှိုင်းချက်မှတ်တမ်း၏လိုအပ်ချက်များအား တင်းကျပ်စွာလိုက်နာရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနက လတ်ဆတ်သောဒူးရင်းသီးသည် ဆန်နှင့်ဆန်ကွဲ၊ ပီလောပီနံ ခြောက်၊ ငှက်ပျောသီးများ၊ သရက်သီးများ၊ တောကြက်မောက်သီးများ၊ ငရုတ်ကောင်းနှင့် အုန်းသီး တို့နောက် တရုတ်နိုင်ငံသို့တိုက်ရိုက်တင်ပို့ရန်အတွက် ခွင့်ပြုချက်ရသည့် ကမ္ဘောဒီးယား၏ ၉ ခု မြောက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ဖြစ်လာ‌ကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် ကမ္ဘောဒီးယားနှင့် တရုတ်ကြား အားကောင်းပြီးထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို ရောင်ပြန်ဟပ်နေကြောင်း သိရပါသည်။ ဇွန်လတွင်လည်း တရုတ်ကုမ္ပဏီ ၂ ခုသည် ကမ္ဘောဒီးယားထံမှ ၂၀၂၅ မှ၂၀၂၆ ကြားတွင် ဒူးရင်းတန်ချိန် ၁၅၀၀၀ နှင့် ၂၀၂၅ မှ ၂၀၂၇ ကြားတွင် သရက်သီးခြောက်တန်ချိန် ၂၀၀၀၀ ဝယ်ယူရန် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)

                            

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံ ရရှိခဲ့သည့် ဗီယက်နမ်

       ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်၏စုစုပေါင်း ပို့ကုန်-သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃၂.၀၃ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားစာရင်းအင်းရုံး (NSO) ၏တင်ပြချက်အရ သိရပါသည်။ နိုင်ငံ၏ တင်ပို့မှုတန်ဖိုးမှာ ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ ၁၇.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလမှ ဇွန်လကြားကာလတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၉.၈၃ သန်းတန်ဖိုးရှိပြီး ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍမှတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၈.၂၈ ဘီလီယံတန်ဖိုးရှိပြီး ၉.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆၁.၅၅ ဘီလီယံဖြင့် ၁၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း တင်ပို့သည့် အမျိုးအစား ၂၈ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိပြီး အမျိုးအစား ၉ ခုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်အသီးသီးရှိကြောင်း သိရပါသည်။ ကဏ္ဍအားဖြင့်ဆိုပါက ပြုပြင်ထုတ်လုပ်ထားသည့်စက်မှုထုတ်ကုန်များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၉၄.၂၈ ဘီလီယံဖြင့် စုစုပေါင်းတင်ပို့မှု၏ ၈၈.၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သစ်တောထုတ်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉.၁၂ ဘီလီယံ၊ ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၁၁ ဘီလီယံနှင့် လောင်စာနှင့် သတ္တုထုတ်ကုန်များတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၃၄ ဘီလီယံ အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှုတွင် ဗီယက်နမ်သည် ၆ လတာကာလအတွင် အမေရိကန်‌ဒေါ်လာ ၂၁၂.၂ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ ကြောင်း သိရပါသည်။ သွင်းကုန်အမျိုးအစား ၃၃ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အသီးသီး ရှိခဲ့ပြီး အခြား ၆ ခုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အသီးသီးရှိကြောင်း သိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၀.၃၁ ဘီလီယံဖြင့် အကြီးမားဆုံးတင်ပို့သည့် ဈေးကွက်ဖြစ်ပြီး တရုတ်သည် အမေရိကန်ဒေါ်လာ ၈၄.၇ ဘီလီယံဖြင့်အကြီးမားဆုံး တင်သွင်း သည့်ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သည် အမေရိကန်ထံမှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံ၊ ဥရောပသမဂ္ဂထံမှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနှင့် ဂျပန်ထံမှ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်(အမေရိကန်ဒေါ်လာ ၅၅.၆ ဘီလီယံ)၊ တောင်ကိုရီးယား(အမေရိကန်ဒေါ်လာ ၁၄.၆ ဘီလီယံ)နှင့် အာဆီယံ(အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ) တို့ပါဝင်သော များစွာသောအဓိက မိတ်ဖက်များနှင့် ကုန်သွယ်ရေးလိုငွေပြခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                                                                                            

                                     

၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ နီးပါးရရှိခဲ့သည့် ဗီယက်နမ်

        ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃.၈၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေး ပိုငွေ အမေရိကန် ၉.၈၃ ဘီလီယံဖြင့် ၁၆.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင် စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Phung Duc Tien က ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး၏အဆိုအရ ထိုရလဒ် များနှင့် တင်ပို့မှုအရှိန်မြှင့်တင်မှုများကြောင့် ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်ကုန်တွင် စိုက်ပျိုးမွေးမြူ ရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံထိ ရရှိနိုင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဦးစီးဌာန ၏ ဒုတိယညွှန်ကြားရေးမှူး Tran Gia Long က ထို ၆ လတာကာလတွင် စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈.၄၆ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလထက် ၁၇.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၆၄.၄ သန်းရရှိခဲ့ပြီး ၁၀.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေထွက်ကုန် တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံဖြင့် ၁၆.၉ ရာခိုင်နှုန်း၊ သစ်တောထွက်ကုန် တင်ပို့မှုမှဝင်ငွေအမေရိကန်ဒေါ်လာ ၈.၈၂ ဘီလီယံဖြင့် ၉.၃ ရာခိုင်နှုန်းနှင့် ဆားတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၇ သန်းဖြင့် ၂.၄ ဆမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ကော်ဖီ၊ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့အစရှိသည့် အမျိုးအစားအချို့မှာ ကမ္ဘာလုံးဆိုင်ရာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပို့ကုန်ဝင်ငွေရရှိမှု သိသာစွာမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ဗီယက်နမ် သည် ယခုနှစ် ပထမနှစ်ဝက်တွင် ကော်ဖီတန်ချိန် ၉၅၃၉၀၀ တင်ပို့ရာမှဝင်ငွေ အမေရိကန် ဒေါ်လာ ၅.၄၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့သည့်  ပမာဏတွင် ၅.၃ ရာခိုင်နှုန်းသာမြင့်တက်ခဲ့သော်လည်း ဝင်ငွေရရှိမှု တွင် ၆၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကော်ဖီအကြီးမားဆုံး ဝယ်ယူသူများမှာ ဂျာမနီ၊ အီတလီနှင့် စပိန်တို့ဖြစ်ပြီး မက္ကဆီကိုသို့တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ၇၁ ဆမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ရာဘာတန်ချိန် ၆၈၀၁၀၀ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့်ပမာဏတွင် ၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့ သော်လည်း ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းများ မြင့်တက်မှုကြောင့် တင်ပို့သည့်တန်ဖိုးမှာ ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အကြီးမားဆုံးတင်ပို့ရာဈေးကွက် ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်းသိရပါသည်။ သီဟိုဠ်စေ့တင်ပို့မှုမှာ လည်း တန်ချိန် ၃၄၆၈၀၀ တန်ဖြင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံ တန်ဖိုးရှိကြောင်း သိရပါသည်။ တင်ပို့သည့်ပမာဏ ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးနှုန်းမြင့်တက်မှုကြောင့် တန်ဖိုးတွင် ၂၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဓိကဈေးကွက်များတွင် တရုတ်၊ အမေရိကန်နှင့် နယ်သာလန် တို့ပါဝင်ပြီး ယူအေအီး နိုင်ငံသို့တင်ပို့မှုမှာ ၅၀.၄ ရာခိုင်နှုန်းဖြင့် တင်ပို့မှုစံချိန်တင်ကြီးထွားခဲ့ ကြောင်း သိရပါသည်။ အချုပ်အားဖြင့်ဆိုရသော် နိုင်ငံ၏ပို့ကုန်စီးပွားရေး၏ အဓိကမဏ္ဍိုင်များ ဖြစ်သည့် ဆန်နှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ တန်ဖိုးတွင် ကျဆင်းခဲ့ကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတွင် ဗီယက်နမ်သည်ဆန်တန်ချိန် ၄.၉ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ပမာဏတွင် ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းကျဆင်းမှုကြောင့် စုစုပေါင်းတန်ဖိုးတွင် ၁၂.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်သည် တင်ပို့သည့်ဈေးကွက်ဝေစု၏ ၄၃.၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး မလေးရှားသို့တင်ပို့မှုမှာ ၅၄.၇ ရာခိုင်နှုန်းထိသိသာစွာ ကျဆင်းခဲ့ ကြောင်း သိရပါသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ ဝင်ငွေ ၃.၀၅ ဘီလီယံရရှိခဲ့ပြီး ၈.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဈေးကွက်ဝေစု၏ ၄၈.၂ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးဈေးကွက်ဖြစ်သော်လည်း ထိုဈေးကွက်သို့တင်ပို့မှုမှာ ၃၅.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ အမေရိကန်သို့တင်ပို့မှုမှာမူ ၆၅.၂ ရာခိုင်နှုန်းထိ သိသာ စွာမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Long က တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် စဉ်ဆက်မပြတ်ဈေးကွက်ကြီးထွားမှု အရှိန်အဟုန်မြှင့်တင်ပေးမည့် တန်ဖိုး ကွင်းဆက် မော်ဒယ်မှတစ်ဆင့် ဗီယက်နမ်၏ စိုက်ပျိုးရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ကြီးဌာနက ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့တွင် ထုတ်လုပ်မှု၊ ပြုပြင် ထုတ်လုပ်မှုနှင့် အမှတ်တံဆိပ်တည်ထောင်မှုမြှင့်တင်ခြင်းနှင့် အရည်အသွေးစံနှုန်းတိုးတက်ရန် နှင့် ထောက်ပံ့မှု ကွင်းဆက်ပြသနာများဖြေရှင်းရန်အတွက် ဥပဒေသစ်များနှင့် မူဝါဒသစ်များ အကောင်အထည် ဖော်ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည်လည်း တရုတ်၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့ကို အဓိကထားသော ပို့ကုန်ဈေးကွက်များကွဲပြားစေရန်နှင့် ကဏ္ဍနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုး‌ပေးရန် ဈေးကွက်သု‌တေသနနှင့် ပြည်တွင်းရောင်းချမှု တိုးတက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                                     

ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအတွက် လာမည့် ၅ နှစ်အတွင်း မြှင့်တင်ဆောင်ရွက်သွားမည် အင်ဒိုနီးရှား

ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းရေး ဘုတ်အဖွဲ့၏ လက်ထောက်အကြီးအကဲလည်းဖြစ်သည့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုနှင့် မြစ်အောက်စက်မှု လက်ထောက်ဝန်ကြီး Todutua Pasaribu က အင်ဒိုနီးရှား အစိုးရသည် လာမည့်ငါးနှစ်အတွင်း ရူပီယာပေါင်း ၁၃၀၀၀ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၈၀၂.၁ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံရန်ရည်မှန်းထားကြောင်း ဇူလိုင်လ ၃ ရက်နေ့တွင်ပြောကြားခဲ့သည်။ ထိုရည်မှန်းချက်မှာ ကြီးမားသော်လည်း ကျယ်ကျယ်ပြန့်ပြန့်ကြိုးပမ်းဆောင်ရွက်မှုများနှင့် သက်ဆိုင် သူ အသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ‌အောင်မြင်နိုင်သည်ဟု Pasaribu မှ ဆက်လက်ပြော ကြားခဲ့သည်။ “လာမည့်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်ရေးတွင် ရူပီယာ ၁၃၀၀၀ ထရီလီယံအထိ ရည်မှန်းထားသည်” ဟု ၎င်းက ဂျာကာတာတွင် ပြောကြားခဲ့သည်။ ထိုရည်မှန်းချက် သည် စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းကို ပံ့ပိုးပေးရန် သမ္မတ Prabowo Subianto ၏ ညွှန်ကြားချက်နှင့် ကိုက်ညီသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ဇွန်လတွင် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်အမှာစာအသစ်များ သိသိသာသာကျဆင်းခဲ့

ဇွန်လတွင် ဗီယက်နမ်၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပို့ကုန်အမှာစာသစ်များတွင် ၂ နှစ်ကျော် အတွင်း အဆိုးရွားဆုံးကျဆင်းမှုကို ကြုံတွေ့ခဲ့ရကြောင်း S&P Global Market Intelligence မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။ S&P Global Market Intelligence မှ ဇူလိုင်လ ၁ ရက်‌‌နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာအရသိရသည်။ S&P Global Vietnam Manufacturing Purchasing Managers Index သည် မေလတွင် ၄၉.၈ မှ ဇွန်လတွင် ၄၈.၉ သို့ ကျဆင်းသွားကြောင်းသိရသည်။ ယင်းသည်ယခုနှစ်ပထမနှစ်ဝက်တွင် လုပ်ငန်းအခြေအနေများ အနည်းငယ် ယိုယွင်းလာခြင်းကြောင့်ဖြစ်သည်။ S&P Global Market Intelligence မှ ဒါရိုက်တာ Andrew Harker က အခွန်ကောက်ခံမှုများ ပြင်းထန်လာခြင်းကြောင့် ဗီယက်နမ်ထုတ်လုပ်သူများ၏ နိုင်ငံတကာဝယ်လိုအား ပိုမိုဆိုးရွားလာသည်ကို ဇွန်လတွင်မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ပို့ကုန်များသိသာစွာကျဆင်းလာခြင်းကြောင့် စုစုပေါင်းအမှာစာ အသစ်များထပ်မံလျော့ပါးစေကာ လုပ်ငန်းများအား အလုပ်အကိုင်နှင့် ဝယ်ယူမှုများ လျှော့ချနိုင်စေရန် ဦးတည်ခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ၆ လတာအတွင်းနီပေါနိုင်ငံသို့နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုကျဆင်း

နီပေါနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ၆ လတာကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၅၇၇၆၈၉ ဦး လာရောက်လည်ပတ်ခဲ့ကြပြီး ယမန်နှစ်အလားတူကာလကထက် ၀.၉၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နီပေါခရီးသွားဘုတ်အဖွဲ့၏ ဇူလိုင်လ ၂ ရက်‌နေ့ပြောကြားချက်အရသိရသည်။ ၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ၅၈၃၀၁၆ ဦး လာ‌ရောက်လည်ပတ်ခဲ့သည်။ ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် အဓိက နိုင်ငံခြား‌ငွေရရှိရာရင်းမြစ်ဖြစ်ပြီး အလုပ်အကိုင်ပေါင်းများစွာကိုလည်းဖန်တီးပေးခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ကြေးနီအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမှုအား ဩဂုတ်လ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း Trump မှပြောကြားခဲ့

အမေရိကန်သမ္မတ Donald Trump သည် ယခုသီတင်းပတ်အစောပိုင်းက ကြေညာခဲ့သည့် ကြေးနီအကောက်ခွန် ၅၀ ရာခိုင်နှုန်းကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ခိုင်မာသောအမျိုးသားလုံခြုံရေး အကဲဖြတ်ချက်ကို လက်ခံရရှိပြီး နောက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ကြေးနီအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်က ကြေငြာလိုက်သည်" ဟု Truth Social တွင် ရေးသားခဲ့သည်။ ကာကွယ်ရေး ဌာန၏ ဒုတိယအသုံးအများဆုံးပစ္စည်းအဖြစ် ကြေးနီသည် ဆီမီးကွန်ဒတ်တာများ၊ လေယာဉ်များ၊ သင်္ဘောများ၊ ခဲယမ်းမီးကျောက်များ၊ ဒေတာစင်တာများ၊ လီသီယမ်အိုင်ယွန်းဘက် ထရီများ၊ ရေဒါ စနစ်များ၊ ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် အသံထက်မြန်သော လက်နက်များ အတွက်လိုအပ် ကြောင်း ပြောကြားခဲ့သည်။ "အမေရိကန်ဟာ ကြေးနီစက်မှုလုပ်ငန်းကြီးတစ်ခုကို တစ်ဖန်ပြန်တည် ဆောက်လိမ့်မယ်" ဟု Trump က ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်းအသုံး ပြုသည့် ကြေးနီ၏ ထက်ဝက်နီးပါးကို ပြည်ပမှတင်သွင်းနေပြီး အများစုမှာ ချီလီနိုင်ငံမှ ဖြစ်သည်ဟု US Geological Survey မှ အချက်အလက်များကို ကိုးကား၍ CNBC က ပြောကြားခဲ့သည်။ အင်္ဂါနေ့ က ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ခုတွင် Trump သည် ကြေးနီအပေါ်အကောက်ခွန် ၅၀ ရာခိုင်နှုန်း အသစ်ကိုကြေငြာခဲ့ပြီး မူးယစ်ဆေးဝါး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် သတ္တုများအပါအဝင် ရွေးချယ် ထားသော စက်မှုလုပ်ငန်းများအပေါ် အခွန်ကောက်ခံရန် စီစဉ်နေသေးကြောင်း ပြောကြားခဲ့သည်။ ဇွန်လအစောပိုင်းတွင် Trump သည် သံမဏိနှင့် အလူမီနီယံသွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်းသိရသည်။ Source : Xinhua DOCA(ရန်ကုန်)

ဩစတြေးလျနိုင်ငံ၏ ထောပတ်သီးသည် ကမ္ဘာ့စျေးကွက်တွင်ဝယ်လိုအားတိုးလာသော်လည်း ထုတ်လုပ်မှုကျဆင်းလျှက်ရှိ

သြစတြေးလျ ထောပတ်သီး ထုတ်လုပ်မှုသည် ယခုရာသီတွင် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကမ္ဘာ့ဈေးကွက်တွင် သြစတြေးလျဒေါ်လာ ဘီလီယံ ၃၀ ကျော် တက်လာပြီး နိုင်ငံတကာ ဝယ်လိုအားနှင့် ပို့ကုန်များ ဆက်လက်မြင့်တက်နေကြောင်း ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်သော စက်မှုလုပ်ငန်း အစီရင်ခံစာအရသိရသည်။ ရေတိုကျဆင်းနေခြင်းဖြစ်သော်လည်း ထုတ်လုပ်မှုသည် လာမည့်နှစ်တွင် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းရပြီး ထောပတ်သီးများအတွက် နိုင်ငံတကာ ဝယ်လိုအားနှင့် တင်ပို့မှုအခွင့်အလမ်းများ မကြုံစဖူးမြင့်မားလာခဲ့ကြောင်း စိုက်ပျိုးရေးလုပ်ငန်း ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူ Rabobank ၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ဩစတေးလျ နိုင်ငံ၏ ထောပတ်သီးထုတ်လုပ်မှုသည် ၂၀၂၄/၂၅ ရာသီတွင် ၁၂၈၀၀၀ မက်ထရစ်တန်ရှိမည်ဟု ခန့်မှန်းထားပြီး ထုတ်လုပ်မှုခန့်မှန်းချက်မှာ တန်ချိန် ၁၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်း ထားသည်။ ထောပတ်သီးအသစ်စိုက်ပျိုးမှုသည် ၁၉၉၉ ခုနှစ်ကတည်းက အနိမ့်ဆုံးသို့ ကျဆင်းသွား သော်လည်း အစောပိုင်းတိုးချဲ့မှုများသည် ယခုအခါ အပြည့်အဝ အကျိုးဖြစ်ထွန်းပြီး အနာဂတ်သီးနှံ အရွယ်အစား တည်ငြိမ်မှုကို အချက်ပြနေကြောင်း RaboResearch မှ လေ့လာသူ Anna Drake က ပြောကြားခဲ့သည်။ သြစတြေးလျထောပတ်သီး တင်ပို့မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်ခဲ့ သော်လည်း ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင့် ၅.၁၈ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အဓိကအာရှ ဈေးကွက်များတွင် ဝယ်လိုအား အားကောင်းကာ အိန္ဒိယသို့ တင်ပို့မှုသိသိသာသာ တိုးတက်လာကြောင်း အစီရင်ခံစာအရသိရသည်။ Source : Xinhua DOCA(ရန်ကုန်)

မွန်ဂိုလီးယားဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ်၏ ၆ လအတွင်း ရွှေ ၆ တန်နီးပါး ၀ယ်ယူခဲ့

မွန်ဂိုလီးယားဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း တရားဝင်အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များထံမှ စုစုပေါင်းရွှေ ၅.၉ တန်ကို ဝယ်ယူခဲ့ကြောင်း ဘဏ်၏ထုတ်ပြန်ချက်အား ကိုးကား၍ ဇူလိုင်လ ၉ ရက်နေ့တွင် ဒေသဆိုင်ရာမီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါဝယ်ယူမှု ကိန်း ဂဏန်းသည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ ဇွန်လအထိ မွန်ဂိုလီးယားဘဏ်မှ ဝယ်ယူသော ပျမ်းမျှရွှေဈေးမှာ တစ်ဂရမ်လျှင် ၃၈၅၃၂၀.၃၆ ရှိသော မွန်ဂိုလီးယား တွန်းရစ် ( အမေရိကန်ဒေါ်လာ ၁၀၇၅) ဖြစ်သည်။ နိုင်ငံခြားငွေ အရန်ငွေကို အဆက်မပြတ် တိုးမြှင့်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုရှိစေရန် ဗဟိုဘဏ်အတွက် ရွှေဝယ်ယူခြင်းသည် အဓိကနည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်းသိရသည်။ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့၏အဆိုအရ မွန်ဂိုလီးယား၏နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေသည် ၂၀၂၅ ခုနှစ် ဇွန်လကုန် တွင် ဒေါ်လာ ၅.၂၀၆ ဘီလီယံအထိရှိခဲ့ကြောင်း သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် စင်ကာပူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ကတိပြုခဲ့

ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံတို့သည် ဇူလိုင်လ ၂ ရက်နေ့က နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် ကတိပြုခဲ့ကြောင်းသိရသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး Lawrence Wong တို့ ဖနွမ်းပင်တွင် တွေ့ဆုံစဉ် ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘောဒီး ယားဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ခေါင်းဆောင်နှစ်ဦး လုံးသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် တိုးချဲ့ဆောင်ရွက်သွားဖို့ ကတိပြု ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ပြည်သူနှင့် ပြည်သူ ချိတ်ဆက်မှု၊ ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်နှင့် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးစသည့် အရေးကြီးသော နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်း ခိုင်မာစေရန် ဆက်လက်ဆွေးနွေးသွားရန် သဘော တူညီခဲ့ကြကြောင်းသိရသည်။ နှစ်နိုင်ငံဝန်ကြီးချုပ်နှစ်ဦးသည် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဒေသတွင်းနှင့် နိုင်ငံတကာမူဘောင်များအတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရပါသည်။ Source : Xinhua DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ