Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာခရိုင်တွင်း ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလတွင် မိတ္ထီလာခရိုင်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၂၇)ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော မျက်စိ အား‌ဆေး (ဖြည့်စွက်စာ) LUTEIN ESTER BLUEBERRY SALT  ALGE ဆေးဝါးအား စျေးကွက်အတွင်း ဖြန့်ဖြူး‌ရောင်းချခြင်း ရှိ/မရှိ  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအရာရှိမှ ဆေးဆိုင်ပိုင်ရှင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော မျက်စိအားဆေး (ဖြည့်စွက်စာ) ဖြစ်သော LUTEIN ESTER BLUEBERRY SALT  ALGE ဆေးဝါးအား စျေးကွက်အတွင်း ရောင်းချမှုမပြုကြရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ် Import Resgistration No. (IR) များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေ(၂၀၁၉) ၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၂၇) ဆိုင်တွင် တရားမဝင်သော မျက်စိအားဆေး (ဖြည့်စွက်စာ)ဖြစ်သော LUTEIN ESTER BLUEBERRY SALT  ALGE ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

 

 

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

    ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ၁၉-၅-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် စီးပွားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ဦးစောခင် မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

     အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင် မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

      အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၇) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

         

                                                                                 

တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့မှုအပေါ် အများပြည်သူများ သုံးစွဲရန် မသင့်သော တရားမဝင် ဆေးဝါးများအား ဌာနပေါင်းစုံအဖွဲ့ပြန် ဖျက်စီး

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့သည် ငွေဆောင်မြို့နယ်ခွဲကျေးရွာတွင်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချနေ ကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့မှုအပေါ် ငွေဆောင်မြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အတူသွားရောက်စစ်ဆေးခဲ့ရာ တရားဝင်အထောက်အထားတင်ပြနိုင်ခြင်းမရှိသော နိုင်ငံခြားဖြစ်ဆေးဝါး Purtier Placental ငွေရောင်၊ အဖြူရောင်ကိုယ်ထည်ဘူး (1 x 60 PCS) ၊ C/O-New Zeland (၂) ဘူးအား တွေ့ရှိ၍ အဖွဲ့နှင့် သိမ်းဆည်းခဲ့ပါသည်။

    ထိုသို့ သိမ်းဆည်းခဲ့သည့် ဆေးဘူး (၂) ဘူးမှာ အများပြည်သူသုံးစွဲရန် မသင့်လျော်သောကြောင့် အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနစသည့် ဌာနစုံအဖွဲ့များဖြင့် ပုသိမ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် (၁၆.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဖွဲ့ဝင်များ ရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၂.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၃:၃၀)နာရီတွင်  ဝါးခယ်မမြို့နယ် မြို့မဈေးရှိ ဆေးဆိုင်များတွင်  ခွင့်ပြုချက်မရှိသော ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက မြို့မဈေးအတွင်း/ပြင်ရှိ ရောင်းချ နေသော အိမ်သုံးဆေးဆိုင်များတွင် တရားမဝင်တင်သွင်းလာသော Aung Lay အမည်ဖြင့် မျက်စဉ်းဆေးများ၊ မျက်ကပ်မှန်များ ရောင်းချနေခြင်း ရှိ/မရှိစစ်ဆေးခဲ့ပြီး ရောင်းချခြင်းမပြုကြရန်ဖြစ်ကြောင်း၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဂန့်ဂေါမြို့၊ Church School ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အငယ်တန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၁၃.၅.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ ကရင်နီနှစ်ချင်းအသင်းတော်ကျောင်းမှ သင်းအုပ်ဆရာမကြီး၏ ဖိတ်ကြားချက်အရ Church School ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား/သူ (၅၀)ဦးထံသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးက ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ ပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံး မှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC) အားဖွင့်လှစ်ထားရှိမှုများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်းသည့် သိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ် လျဉ်း၍တိုင်ကြားခြင်းနှင့်ကုစားပေးခဲ့မှုများအကြောင်း၊ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အားဖွင့်လှစ်ထားပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

 

မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများသည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအားကွင်းဆင်းစိစစ်ခြင်း

    ဆိုရှယ်မီဒီယာ Facebook အသုံးပြု၍ “*******” အမည်ဖြင့် Account မှ မျက်စိအားဆေး (ဖြည့်စွက်စာ)အဖြစ် LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Billberry Plus ဆေးနှင့် အရောင်ခွဲခြားနိုင်မှုမရှိသူများ (Colour Blind) အတွက် ကုန်အညွှန်း အမှတ်အသားမပါရှိသည့် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့် မျက်မှန်များအပါအဝင် အခြားသော မျက်စိဆေးများကို “မျက်စိကျန်းမာရေးနှင့်ရောဂါ၊ မျက်စိကျန်းမာရေးနှင့်ရောဂါ(၁)၊ မျက်စိ ကျန်းမာရေးနှင့်ရောဂါ(၂)၊ မျက်စိကျန်းမာရေးနှင့်ရောဂါ(၃)နှင့် မျက်စိကျန်းမာရေး နှင့်ရောဂါ-ပရဟိတအသင်း” စသည့်အမည်များဖြင့် Facebook Page များ ဖွင့်လှစ်ပြီး Online ပေါ်တွင် ရောင်းချနေကြောင်းနှင့် ထိုသို့ရောင်းချနေသည့် ဆေးများတွင် ပြည်တွင်းရှိ ပုံနှိပ်တိုက်တစ်ခုမှ ဘူးခွံများ Printing လုပ်ထားသော ဆေးများပါရှိခြင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ထုတ်ပေးသည့် ထောက်ခံချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံရမည့်အချက်အလက်များ မပါဝင်ခြင်းကြောင့် စားသုံးသူများနစ်နာနိုင်ပါသဖြင့် စျေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စိစစ်ခြင်းကို မကွေး/ချောက်ခရိုင်အတွင်းရှိ မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်းမြို့နယ်တာဝန်ခံများသည် (၁၂.၅.၂၀၂၃) ရက်နေ့တွင် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင် (၂၈)ဆိုင်အား ကွင်းဆင်းစိစစ်ခဲ့ရာ LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ် တံဆိပ်ပါ Lutein Billberry Plus ဆေးနှင့် အရောင်ခွဲခြားနိုင်မှုမရှိသူများ (Colour Blind) အတွက် ကုန်အညွှန်းအမှတ်အသား မပါရှိသည့် မျက်ကပ်မှန်များ၊ အရည်အသွေးနိမ့်မျက်မှန်များ ရောင်းချမှုမရှိကြောင်း၊ တရားဝင်တင်သွင်းသော ဆေးနှင့် ဆေးပစ္စည်းကုမ္ပဏီများမှသာ ဝယ်ယူ ရောင်းချကြောင်း Online မှ ရောင်းချသော ဆေးနှင့်ဆေးပစ္စည်းများအား တစ်ဆင့်ဝယ်ယူရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

DOCA(မကွေး)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကွမ်းခြံကြီးကျေးရွာ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး ဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၁၂.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီတွင် မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာဓမ္မာရုံတွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးက တက်ရောက်လာသော ကျေးရွာနေပြည်သူများအား မိတ်ဆက်စကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်း ပြောကြားကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ထုတ်လုပ်မှု အမှတ်စဉ် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း အသိပညာပေးဆွေးနွေးပါသည်။ ထို့နောက် မိမိတို့ ပတ်ဝန်းကျင်တွင် ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓါတုဆိုးဆေး များလွန်ကဲစွာအသုံးပြုထားသော မုန့်ပဲသရေစာများကို စားသောက်မိပါက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများခံစားရပြီး ဆေးရုံဆေးခန်းပြသရန်အတွက် ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ကျေးရွာနေပြည်သူများအနေဖြင့် အစားအသောက်များကို မိမိတို့အသိစိတ်ဖြင့် ရွေးချယ်ဝယ်ယူစားသောက်နိုင်ကြစေရန်ဖြစ်ကြောင်း အသိပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျေးရွာနေ ပြည်သူ(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၂.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင်  မော်ကျွန်းမြို့နယ်  ဆေးဆိုင်(၁၀)ဆိုင်အား   တရားမဝင်တင်သွင်းလာသော ဆေးများရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက မြို့မဈေးအတွင်း/အပြင်ရှိ ရောင်းချနေသော အိမ်သုံးဆေးဆိုင်များတွင် တရားမဝင်တင်သွင်းလာသော Aung Lay အမည်ဖြင့် မျက်စဉ်းဆေးများ၊ မျက်ကပ်မှန်များ ရောင်းချနေခြင်း ရှိ/မရှိအား စစ်ဆေးခဲ့ပြီး ရောင်းချခြင်းမပြုရန်ဖြစ်ကြောင်း သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ဥပဒေများ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ချောက်မြို့နယ်တွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့မဈေး၌ ၂၀၂၃ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနားတွင် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ချောက်မြို့မစျေးရှိ စျေးသည်များ နှင့် စျေးဝယ်သူများအား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြာထားခြင်းမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံပါဝင်ရမည့်အချက်များပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကာဗွန်ထုတ်လုပ်မှုလျော့နည်းစေရန် “နေအိမ်” တွင် ရိုးရှင်းစွာ လိုက်နာကျင့်သုံးနိုင်မည့် နည်းလမ်း(၁၀)ခု၊ ကာဗွန်ထွက်ရှိမှုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးနိုင်သည့် အချက်(၁၀)ချက်ပါ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ”ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေး

၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ “စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း(၁၄)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်နော်ကြူကြူက စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူများအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာရမည့် တာဝန်(၄) ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်(၁၁)ချက်တို့အား အသေးစိတ်ရှင်းလင်းခဲ့ပြီးနောက် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များမှ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူမှ တောင်းဆိုနိင်သည့်အခွင့်အရေးများ၊ နစ်နာဆုံးရှံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍‌ ဖော်ပြပါရှိရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊  Online မှ တိုင်ကြားရာတွင် တိုင်ကြားမှုပုံစံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြခြင်း အစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး (၁၀:၀၀)နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတများတိုးပွားပြီး ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက် အကူဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ