Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန်ကြီးထောင့်မြို့နယ်ရှိ ကုန်စုံဆိုင်များမှ အချိုရည်များအား ကွင်းဆင်းစစ်ဆေး

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၅.၂၀၂၃) ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အချိုရည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

   အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များတွင် Max+, Cocacola အစရှိသည့် အချိုရည်များ အား ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသော ကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိသဖြင့် မရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကာ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။         

DOCA(ဧရာဝတီ)

တောင်ငူခရိုင် ဖြူးမြို့တွင် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ကွင်းဆင်းစစ်ဆေး၊ အသိပညာပေး

တရားမဝင်ကုန်သွယ်မှုပြုခြင်းသည် နိုင်ငံတော်ကရသင့်ရထိုက်သည့်အခွန်ငွေကို ဆုံးရှုံးစေသကဲ့သို့ စားသုံးသူပြည်သူများအတွက်လည်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသဖြင့် တောင်ငူခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန သည် တောင်ငူခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်သောအဖွဲ့သည် ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဖြူးမြို့မရဲစခန်းတို့မှ တာဝန်ရှိသူများနှင့်အတူ (၂၂.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ အုတ်ဖြတ်လမ်းရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များဖြစ်သည့် စွန်မင်း၊ မိတ်ဆွေကောင်း၊ စွမ်းနှင့် ရွှေမာလာဆိုင်များသို့ ကွင်းဆင်း၍ တရားမဝင်တင်သွင်းသော ဓါတ်မြေဩဇာ များနှင့် ဓါတ်မြေဩဇာအတုအပများ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ခရိုင်ဦးစီးမှူးက ဆိုင်ပိုင်ရှင်များ၊ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ တရားမဝင် တင်သွင်းသည့်ကုန်စည်များနှင့် ကုန်စည်အတုအပများ ရောင်းဝယ်ခြင်းသည် တရားမဝင်ကုန်သွယ်မှု ပြုခြင်းဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုပြုခြင်းကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးစေသကဲ့သို့ စားသုံးသူပြည်သူများအတွက်လည်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုပြုကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းကို ခံရမည်ဖြစ်ပါသဖြင့် မိမိတို့ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ရှောင်ကြဉ်ကြစေလိုကြောင်း အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA (ပဲခူး)

ရေတာရှည်မြို့ စာဖတ်ဝိုင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဦးဇော်ဇော်ထွေးသည် (၁၂.၅.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များ အား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့်ကုန်စည်များအား ဝယ်ယူသုံးစွဲသင့်ပုံ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများက ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca. gov.mm သို့ ဝင်ရောက်၍ တိုင်ကြားနိုင်ပုံ စသည်တို့ကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင် နှင့် စာပေဝါသနာရှင် (၆)ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA (ပဲခူး)

ရေတာရှည်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၁၈.၅.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ရေတာရှည်မြို့ရှိ ဝက်မွေးမြူရေးလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး ဌာနဆိုင်ရာများအလိုက် လုပ်ငန်းရှင်များ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးပါသည်။

ပူးပေါင်းအဖွဲ့တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်းနှင့် ပူးပေါင်းအဖွဲ့သည် မွေးမြူရေးလုပ်ငန်းရှင် (၄)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့် ဆေးဝါးပစ္စည်းနှင့် မျက်ကပ်မှန် မျက်စိဆေးရည်နှင့် မျက်စိနှင့်ပတ်သက်သည့် ဈေးအမျိုးမျိုးအား တရားဝင်မှတ်ပုံတင်ရောင်းချခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ မျက်ကပ်မှန်နှင့် မျက်စဉ်းဆေးရည်၊ မျက်စိဆေးအမျိုးမျိုးရောင်းချလျက်ရှိသော အရောင်းဆိုင်(၅)ဆိုင်သို့ သွားရောက်၍ ကောင်းမွန်သော ဆေးဝါးများ ရောင်းချမှုနှင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်မှု ရှိ/မရှိအခြေအနေတို့ကိုဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။                               

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လက်ကားအရောင်းဆိုင်ကြီးများနှင့် လက်လီဆိုင်များ ရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးကုမ္ပဏီကြီးများမှ ဆေးများကို မှာယူရောင်းချရာတွင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ ခွင့်ပြုချက်ပါဝင်သောဆေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြထားပြီး ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားသော ဆေးများကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန် ပြောကြားခဲ့ပြီးနောက် ခွင့်ပြုချက်၊ ထောက်ခံချက်မပါဝင်သော ကုန်စည်များကို ရောင်းချနေခြင်းတွေ့ရှိပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှု မရှိသော ကုန်ပစ္စည်းများ ရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရလည်း အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ မျက်စိဆေးနှင့် မျက်ကပ်မှန်ဆေးအရောင်းဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရပါသည်။

     ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူးဦးအောင်နှင့် ဝန်ထမ်းများ၊ ဓနုဖြူမြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများ၊ ပန်းတနော်မြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည်လည်း အလားတူပင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီများ ကွင်းဆင်းစစ်ဆေး

နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၈.၅.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဈေးကွက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊  အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်ပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း

    (၁၆.၅.၂၀၂၃) ရက်နေ့ ၊ နေ့လယ် (၁၃ : ၀၀ ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ် ၊ ပြန်ကြားရေးနှင့် လူထုအခြေပြု ဗဟိုခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည် ။

     အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအနက် စားသုံးသူအခွင့်အရေး (၈)ချက်အား ဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရပါက မိမိတို့ ဦးစီးဌာနက ဖွင့်လှစ်ထားသည့် ( Consumer Call Center -1535) သို့လည်းကောင်း ၊ ညောင်လေးပင်မြို့  ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံရုံးတွင် ဖွင့်လှစ်ထားသည့်  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information Complaint Center-CICC) သို့ လူကိုယ်တိုင်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်လည်းကောင်း ဆက်သွယ်၍ လာရောက်တိုင်ကြားနိုင်ပါကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားပေါ်မူတည်၍ အဓိကပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ခရိုင်၊ စားသုံး /ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို နှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၃ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူပြည်သူများ ကုန်စည်ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈၊ ပုဒ်မ ၄၁ အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြထားခြင်း ရှိ/မရှိ နှင့် ဥပဒေ အခန်း ၁၀ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ၊ အခန်း ၁၁ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA (ပဲခူး)

ကြို့ပင်ကောက်မြို့ တိုင်းရင်းဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၁၈.၅.၂၀၂၃ ရက်နေ့တွင် ကြို့ပင်ကောက်မြို့မဈေးအတွင်းရှိ တိုင်းရင်းဆေးဆိုင်များသို့ လည်းကောင်း၊ ဈေးချိုမြောက်ဖက်ရပ်ကွက်၊ အရှေ့လမ်းမတော်လမ်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ဈေးကွက်မ‌ရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ တိုင်းရင်းဆေးအရောင်းဆိုင်များရှိ ရောင်းချသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်တားမြစ်ဆေးများ ရောင်းချခြင်းမရှိကြောင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA (ပဲခူး)

 

ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အထောက်အကူပြု “အခမ်းအနားမှူး”သင်တန်းပို့ချ

       စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌   တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက် အကူပြု “အခမ်းအနားမှူး” သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ (၁၆.၅.၂၀၂၃)ရက်နေ့မှ (၁၇.၅.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်း သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ သင်တန်းတွင် ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က “အခမ်းအနားမှူး”သင်တန်း ဖွင့်လှစ်ရခြင်းမှာ မိမိတို့ဌာနသည် လူထုနှင့် ထိတွေ့၍ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲများ၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံသည့် ဆွေးနွေ းပွဲများ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် သတင်း ဆောင်းပါးရေးသားခြင်းများ ဆောင်ရွက်နေရခြင်းဖြစ်၍ “အခမ်းအနားမှူး” (MC)(Master of CereMony) တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ဆောင်ရန်/ရှောင်ရန်များ ၊စကားလုံး အသုံးအနှုန်းများ၊ အခမ်းအနား အပြင်အဆင်များ အထောက်အကူဖြစ်စေရန်နှင့် “အခမ်းအနားမှူး” ကောင်းတစ်ယောက် ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့်ဦးစီးအရာရှိ ဒေါ်ချိုချိုမာ တို့က “အခမ်းအနားမှူး”(MC) တစ်ဦးတွင် ရှိရမည့် အဓိက အရည်အချင်းဖြစ်သည့်  MC ၏ ရုပ်ပိုင်းဆိုင်ရာ ဝတ်စားဆင်ယင်မှုများ၊ အသံပိုင်းဆိုင်ရာ အသံနေအသံထား လေယူလေသိမ်း စကားအသုံးအနှုန်းနှင့် မိုက်အသုံးပြုပုံများ၊ အခမ်းအနားမှူး တစ်ဦး၏ ကြိုတင်ပြင်ဆင်မှုနှင့် ဆောင်ရန်/ ရှောင်ရန်များ၊ အခမ်းအနားအစီအစဉ်များနှင့် အခမ်းအနား စတင်ရာတွင် ကြိုတင်ပြောကြားရမည့်စကားလုံးများ၊ ခန်းမအတွင်း/အပြင်အခမ်းအနားဖွင့်ပွဲများတွင် ပြောဆိုရမည့်လုပ်ဆောင်ချက်များစသည်များကို သင်ကြားပို့ချခြင်းနှင့်သင်တန်းသား/သင်တန်းသူ များအား လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ