ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ကျောင်းများ၌ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဒေါ်ထားမဲင်းဇိန်(ရုံးအကူမှူး)၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဟားခါးမြို့ရှိ စာသင်ကျောင်းများနှင့် အနီးပတ်ဝန်းကျင်တွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့်ဆက်စပ်ဌာနများမှ ကုန်စုံဆိုင်ရောင်းချသူများအား ရှင်းလင်းမှာကြားရာတွင် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ လုံးဝ ရောင်းချခြင်းမပြုရန်၊ ကျောင်းသား/သူများအတွက် အာဟာရရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများကို ရောင်းချရန်၊ သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော ကုန်အညွှန်း အသားများ ပြီးပြည့်စုံမှသာလျှင် မှာယူဖြန့်ဖြူးရောင်းချရန်တို့ဖြစ်ကြောင်းနှင့် အဆိုပါ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို မိမိတို့ဦးစီးဌာနနှင့် ဆက်စပ်ဌာနများအနေဖြင့် လစဉ်လာရောက် ကွင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် စာသင် ကျောင်းဝင်းနှင့် အနီးနားတွင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသူများအနေဖြင့် မိမိရောင်းချနေသော စားသုံးကုန်ပစ္စည်းမှတဆင့် ကျောင်းသား/သူများ၏ ကျန်းမာရေးကို ဘေးဥပဒ်မဖြစ်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို မှာယူဖြန့်ဖြူး ရောင်းချရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ချင်း)