Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာစျေး ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  ၁၁.၁၀.၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)တွင် မော်ကျွန်းမြို့နယ်၊ ဆိပ်ကမ်းသာစျေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ /မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို        သိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ အားဌာနမှစျေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ပခုက္ကူမြို့အတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့တွင်းရှိ စားသုံးဆီဆိုင်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော စားသုံးဆီများ၌ စားသုံးဆီအတုပြုလုပ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိနှင့် စားသုံးဆီအတုပြုလုပ်ရန်အတွက် မြေပဲဆီ၊ နှမ်းဆီ စသည့်အနံ့များရရှိစေရန် ရောစပ်သောဓာတုကုန်ကြမ်းပစ္စည်းများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ‌ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စားသုံးဆီရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ဈေးနှုန်းအမှတ်အသားပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်းထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ပေးရေး အသိပညာပေးလုပ်ငန်းအား ပြည်သူများသိရှိရန် ဟောပြောခြင်းဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

   ၎င်းဟော‌ပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှု ဆောင်ရွက်ရာတွင် website ၊ Mobile Application တို့မှတစ်ဆင့် ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ မအူပင်ခရိုင်တွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တာပတ်အနောက် အလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆောင်ရွက်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် မအူပင်မြို့နယ် တာပတ်အနောက်ကျေးရွာရှိ (အ.လ.က)ကျောင်းခွဲတွင် ကျောင်းသား/ကျောင်းသူ (၂၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်းအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

         

မအူပင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

      ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်/မြို့များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ မအူပင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများအား သွားရောက်၍ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ရောင်းချပေးခဲ့သည်။

  အဆိုပါရောင်းချမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်ကျေးရွာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လှည့်လည်ရောင်းချပေးခဲ့ကြပါသည်။

      ထိုသို့ရောင်းချရာတွင် မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ၁ပိဿာလျှင် (၄၈၀၀/-)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်(၂၂၀/-)ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၅၀၀)အား သက်သာသောဈေးနှုန်းများ စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ကျေးရွာများသို့သွားရောက်၍ စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်/မြို့များတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ကြက်ဥများအား စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ (၁၆.၁၀.၂၀၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် မအူပင်မြို့နယ် တလုတ်လပ်အနောက် ကျေးရွာ၌ ကျေးရွာနေပြည်သူများအား ရောင်းချပေးခဲကြသည်။

   ထိုသို့ရောင်းချရာတွင် မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ၁ပိဿာလျှင် (၄၈၀၀/-)ကျပ်နှုန်းဖြင့် ပိဿာချိန် (၅၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်(၂၅၀/-)ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ (၅၀၀)အား သက်သာသောဈေးနှုန်းများ စားသုံးသူလက်ဝယ်အရောက် ရောင်းချပေးခဲ့ပါသည်။

    အဆိုပါရောင်းချမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်ကျေးရွာရှိ ပြည်သူများကို လှည့်လည်ရောင်းချပေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဇလွန်မြို့နယ် ညောင်ပင်ဈေး ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးအား (၁၆.၁၀.၂၀၂၃)နေ့၊ နံနက် (၁၀:၀၀)နာရီတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းများပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၂-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

    ခရိုင်စီမံအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ယခင်ဖွဲ့စည်းထားသော ခရိုင်ဆီလုပ်ငန်းရှင်အသင်းအဖွဲ့မှာ ကျန်းမာရေးမကောင်းသဖြင့် နှုတ်ထွက်သွားသူများနှင့် ယခင်ခရိုင်ဥက္ကဋ္ဌမှာလည်း သေဆုံးသွားခြင်း၊ အသင်းဝင်တချို့မှာလည်း မြို့ပေါ်တွင်မရှိခြင်းတို့ကြောင့် ခရိုင်အသင်းတို့ကိုပြန်လည်ဖွဲ့စည်းရန်လိုကြောင်း၊ ယခုတက်ရောက်လာသော ဆီလုပ်ငန်းရှင်များအနေဖြင့် ခိုင်မာသောဆီလုပ်ငန်းရှင်များအသင်းပြန်လည်ဖွဲ့စည်းရာတွင် အမှန်တကယ်ဦးဆောင်ဦးရွက်ပြုလုပ်နိုင်မည့် ဆီကုန်သည်များကိုရွေးထုတ်၍ ခိုင်မာအားကောင်းသော ဆီလုပ်ငန်းရှင်များအသင်းတစ်ခုဖြစ်ပေါ်စေရန် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စားသုံးသူရေးရားဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးက အသင်းအဖွဲ့များ အားကောင်းလာစေရန်အတွက် စနစ်တကျရွေးချယ်ဖွဲ့စည်းလိုကြောင်း၊ မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံများဖြစ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် စီးပွား‌ရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်သည်ထက် အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်ပါကြောင်းပြောကြားခဲ့ပြီး ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကို ယာယီပြန်လည်ဖွဲ့စည်းနိုင်ရေး တက်ရောက်လာသည့် ဆီလုပ်ငန်းရှင်များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဟင်္သာတမြို့နယ်ရှိ စစ်ကွင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် စစ်ကွင်းကျေးရွာအုပ်စု၊ ဓမ္မာရုံတွင် စားသုံးသူပြည်သူ(၁၅၀)ဦးအား (၁၆.၁၀.၂၀၂၃)နေ့၊ နံနက် (၁၁:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိရန်၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

         

ဟင်္သာတမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအား စားသုံးဆီရောင်းချပေး

  စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၆.၁၀.၂၀၂၃)ရက်နေ့ ၊နံနက်(၉)နာရီမှစ၍ စားသုံးဆီနှင့်ဆန်များ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးလျက် ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ရောင်းချခြင်းကို ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဟင်္သာတခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဟင်္သာတမြို့နယ် ဘုရားကြီးရပ်ကွက်နှင့်ပတ္တမြားရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်တစ်စုလျှင် စားအုန်းဆီ၅၀ ကျပ်သားလျှင် ၂၄၀၀ ကျပ်နှင့် ဆန်(၁)ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ရပ်ကွက်(၂)ခုအတွက် ဆန်(၁၀)အိတ်နှင့် ဆီ(၂)ပေပါ ရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ