Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်း   ရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း  ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည်  ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ  /  မရှိ  ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ သိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီ တစ်အိတ်လျှင် (၂၁၀၀၀)၊ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက် အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ပေါ်ဦးပေါ်ဖျား ထန်းမြစ် များ ဈေးကောင်းရရှိ

     တောင်ငူမြို့အနီးရှိ ကျေးရွာများတွင် ထန်းပင်များ ပေါများစွာရှိပါသည်။ ထန်းပင်ကို အဖိုပင်နှင့် အမပင်ဟူ၍ သတ်မှတ်ခေါ်ကြသည်။ ထန်းပင်ဖို မှ ထန်းရည်ရပြီး ထန်းရည်မှ တဆင့် ထန်းညက်ချက်ခြင်း စသည့်ဖြင့် အသုံးဝင်သလို ထန်းပင်မ မှ သီးသော ထန်းသီးများကို ထန်းအိမ်ငယ် များ စားသုံးကြသကဲ့သို့ ထန်းသီးမှည့်သွားပါက မြေပေါ်တွင် မြေကြီးများနှင့် အုပ်ပြီး ထန်းမြစ်များ ပြုလုပ်လေ့ရှိကြသည်။ လအနည်းငယ်အကြာတွင် ထန်းမြစ်များ ရရှိလာသည်။

       ရရှိလာသော ထန်းမြစ်များကို ဆောင်းရာသီတွင် ကျေးလက်နေပြည်သူများသည် မိသားစု အလိုက် အချမ်းပြေစေရန်နှင့် အပျင်းပြေစေရန် ထင်းမီးဖို၍ ထန်းမြစ်များကို မီးဖုတ်စားခြင်း ရှိသလို ၊ ပြုတ်၍လည်းဆီနှင့်ဆားတို့ဖြင့် စားသုံးကြပါသည်။ ထို့ပြင် ထန်းမြစ်ကို ထောင်း၍ ဆန်မုန့်နှင့်နယ်ပြီး ကြော်စား၍လည်း ရသေးသည်။  ထန်းမြစ်များကို ဈေးများတွင် ၁၀ ချောင်းလျှင် ၂၀၀၀ ကျပ် ဖြင့်ရောင်းချနေပြီဖြစ်ပြီး အချောင်း ၁၀၀ ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ဈေးကောင်းရသလို ထန်းမြစ်များလှိုင်လှိုင်ပေါ်ပါက  ဈေးနှုန်းကျဆင်းလာနိုင် ကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ပေါ်ဦးပေါ်ဖျား ဇီးပုလဲသီး နှင့် ဇီးပဲလှော်သီးများ ဈေးကောင်းလျှက်ရှိနေ

 

တောင်ငူမြို့ညောင်ပင်လေးဈေးသို့ တောင်ငူမြို့ အနီးတဝှက်ရှိ မြို့များနှင့် အခြားဒေသများ မှ ထွက်ရှိသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ  တင်ပို့ရောင်းချလျှက်ရှိရာ ယခုအခါ ပေါ်ဦးပေါ်ဖျား ဇီးပုလဲသီး နှင့် ဇီးပဲလှော်သီးများ ရောင်းချလျက်ရှိနေသည်။

          ဆီးသီးများကို အသီးမျိုးစုံရောင်းချသည့်ဆိုင်များနှင့် အသီးသုတ်ရောင်းချသည့် အချဉ်ပေါင်း သည်များတွင် အများဆုံး ရောင်းချလျက်ရှိသည်။ ဆီးသီးများကို သုတ်စားခြင်း၊ နေပူလှန်း၍ ဇီးယို ထိုးစားခြင်း၊ အမှုန့်မျိုးစုံဖြင့် သုတ်စားခြင်း စသည့်ဖြင့် မျိုးစုံလုပ်စားကြသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ဆီးပုလဲသီး နို့ဆီဘူး ၄လုံးဆန့် ပြည်တောင်း အသေး ၁ ပြည်လျှင် ၃၀၀၀ ကျပ်၊ နို့ဆီဘူး ၈ လုံးဆန့် ပြည်တောင်း အကြီး ၁ ပြည် လျှင် ၅၀၀၀ ကျပ်၊ ဆီးပဲလှော် နို့ဆီဘူး ၁ဘူး လျှင် ၅၀၀ကျပ်၊ နို့ဆီဘူး ၈လုံးဆန့် ၁ပြည်လျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး နောက်အပါတ်များတွင် ဆီးသီးများလှိုင်လှိုင်ပေါလာမည်ဖြစ်သည့်အတွက် ဈေးနှုန်း အနည်းငယ်ကျဆင်းနိုင်ပါသည်။   အသီးသုတ် ရောင်းချသည့် ဈေးသည်များနှင့် များများဝယ်ယူသည့် ဖောက်သည်များအား ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း ဆီးသီးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၃၂၆ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၈၄ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၈၂၄ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၂ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၉၆ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ပဲခူး(အနောက်) ၃၆၉၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၆၇ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၉၆၅ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၅ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၃၆၄ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၀၂၅ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၇ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၇၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၄၀ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၁၈၅ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ ကျပ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

        ၇.၁၁.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ရှယ်စ(၁၀၀၄၃)၊ ဆန်ကြမ်း(၉၅၇၈)၊ လတ်စ(၅၉၅၉)၊ ၂၅ မတ်ဆန်(၂၈၂၇)၊ ဆန်ကွဲ(၁၆၁၄၅) အိတ်တို့ဝင်ရောက်ခဲ့ရာ ၆.၁၁.၂၀၂၅ ရက်နေ့ထက် အနည်းငယ်လျော့နည်း၍  ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

          သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ်(၇.၁၁.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၆၈၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၆၁၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၁၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၄၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၈၀၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၇၀၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၄၅၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၉၀ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခု တစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၅၅ ကျပ် ဈေးနှုန်းတက်ပြီး  ဒီဇယ်(ရိုးရိုး) မှာ ၅ ကျပ် ဈေးနှုန်းဖြစ်ပါကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၁၁၅ ကျပ်ဈေးနှုန်းကျပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၉၅ ကျပ် ဈေးနှုန်း ကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၇.၁၁.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၂၀၀၀၀) ကား (၁၀၅) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၅၉၅၀၀) ကား (၃) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၅၀၅၀၀)  ကား (၃၆) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၆.၁၁.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

          ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၆.၁၁.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၃၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၅၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ မြေပဲဆီလုံးဆံ ၈၂၀၀ ကျပ်ခန့်ရှိရာမှ ခု တစ်ပါတ်တွင် ၈၃၀၀ ကျပ်ခန့် မြေပဲဆီဆံတစ်ပိဿာလျှင် ၇၆၀၀ ကျပ်ခန့် ရှိရာမှာ ခုတစ်ပါတ်တွင် ၇၈၀၀ ကျပ်ခန့်၊ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၀၀၀၀ ရှိရာမှ ယခု တစ်ပါတ်တွင် ၆၇၅၀၀၀ ကျပ်ခန့်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆူးပုတ်ရွက်ပင်၏ ဆေးဖက်ဝင်ပုံ

           ဆူးပုတ်ရွက်သည် ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ကြက်ဉ ၊ ဘဲဉတို့နဲ့ ခေါက်ကြော်စား လေ့ရှိတဲ့ ဆူးပုတ်ရွက်က ဟင်းလျာတွေကိုအရသာတိုးစေပါသည်။ ဆူးပုတ်ရွက်ကို ပြုတ်ပြီးတော့ လည်းတို့စားလို့ရတဲ့ ဆူးပုတ်ရွက်ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင် ပါသည်။ ဆူးပုတ်ရွက်ပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများမှာအသားမာပေါက်လျှင် ဆူးပုတ်ရွက်ကိုမကြာခဏစားသုံးပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ခြင်း၊ ဆူးပုတ်အမြစ်ကိုသွေးလိမ်းပေးလျှင် အသာမာ ပျောက်ကင်းစေနိုင်ခြင်း ၊ လေအထက်ဆန်လျှင် ဆူးပုတ်ရွက်ကိုစားသုံးပေးခြင်းဖြင့် လေကိုအောက်သို့ သက်သာစေနိုင်ခြင်း ၊ ဆူးပုတ်ရွက်နှင့်ပဲကြီးကို ဟင်းချိုချက်၍ သောက်လျှင်လေရောဝမ်းပါသက်သာစေနိုင်ခြင်း၊သွားဖုံးမှသွေးယိုစီးလျှင်ဆူးပုတ်ရွက် သတ္တုရည်ကို ငုံပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ခြင်း၊မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် ဆူးပုတ်ကြပင်၏အခေါက်ကို အခြားဆေးဖက်ဝင်အပင်များဖြင့်ရော၍ ဖော်စပ်နိုင်ခြင်း ၊ လျှာတွင်ကြာဆူးထွက်လျှင် လျှာနာပေါက်လျှင်ဆူးပုတ်ကြီးအမြစ်ကိုသွေး၍ စပါးကြီး သည်းခြေအနည်းငယ်နှင့်ရော၍ လျှာကိုပွတ်ပေးပါက ပျောက်ကင်းစေနိုင်ခြင်း ၊အူကျရောဂါ ၊မုတ္တရောဂါ တို့အတွက် ဆူးပုတ်ကြီးပင်အမြစ် ကိုသွေးလိမ်းပေးခြင်းဖြင့်ပျောက်ကင်းစေနိုင်ခြင်း ၊ ညအိပ်မပျော် ရောဂါဖြစ်လျှင် ဆူးပုတ်ကြီးအရွက်ကို အတို့အမြှုပ် ပြုလုပ်စားခြင်းဖြင့်အိပ်ပျော်စေနိုင်ခြင်း ၊ အမျိုးသမီး များမီးယပ်သွေးဆုံးကိုင်ရောဂါဖြစ်လျှင် ဆူးပုတ်ကြီးအရွက်ကိုဘဲဉနှင့်ရော၍ကြော်စားခြင်းဖြင့်သွေးဆုံး ကိုင်ခြင်းမှ သက်သာပျောက်ကင်းစေနိုင်ကြောင်း ကျန်းမာရေးဆိုင်အချက်အလက်များမှစုစည်း ရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

နံနံပင် အမြစ်ဆေးဖက်ဝင်ပုံ

            နံနံပင်ကို စားရင်များသောအားဖြင့် အပင်ကိုသာစားလေ့ရှိပြီး နံနံပင်အမြစ်ကိုတော့လွှင့်ပစ် ကြသည်။ တကယ်တော့ နံနံပင်အမြစ်က စားလို့ရသလို ဆေးဖက်လည်းဝင်ပါသည်။ နံနံပင်အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်လျှင် ဟင်းလျာကအနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။ နံနံပင်အမြစ်က ကျန်းမာရေးအတွက် ဘက်တီး ရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပြီး ဝမ်းလျှောသာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေး နိုင်ပါသည်။   နံနံပင်အမြစ်ကသဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပါသည်။နံနံပင်အမြစ်ကလည်းနံနံပင်အရွက်နည်းတူ ဓာတ်တိုးဆန့်ကျင်နိုင်သည့် အစွမ်းသတ္တိရှိပါသည်။နံနံအမြစ်ရဲ့နောက်ထပ်ကျန်းမာရေး အကျိုးကျေးဇူးတွေက ကင်ဆာကိုတိုက်ဖျက်နိုင်ပါသည်။နံနံပင်အမြစ် အရေပြားမှာ ဖြစ်သည့်ရောင် ရမ်းမှုတွေကိုလည်း သိသိသာသာသက်သာစေနိုင်ပါသည်။ မှိုပိုးကူးစက်မှုတွေနှင့် ဘက်တီးရီးယားပိုး ဝင်ရောက်မှုကြောင့်ဖြစ်သော အနာတွေကိုပျောက်ကင်းအောင်ကုသရာမှာ အသုံးဝင်ပါသည်။ နံနံပင် မြစ်မှာပါသည့် အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင် အထောက်အကူဖြစ်စေပါသည်။ နံနံပင်က နှလုံးနှင့်အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။ နံနံပင်အမြစ် ကိုဟင်းတွေထဲမှာထည့်ချက်မယ်ဆိုရင် အစာခြေစနစ်ကိုကျန်းမာစေသည့် အာနိသင်တွေပါဝင်နေသော ကြောင့် အစာကြေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါသည်။ခံတွင်းမြိန်စေ ပြီးအစာကြေဖို့ဆိုရင် နံနံပင် အမြစ်ကိုအသုံးပြုလို့ရပါသည်။ ဒါတွေအပြင်နံနံပင်အမြစ်က နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး အမျိုးသမီးတွေလစဉ်ခံစားရသည့် ရာသီလာစဉ်နာကျင်ကိုက်ခဲမှု တွေကိုလည်းသက်သာစေနိုင်ကြောင်း ကျန်းမာရေးဆိုင်အချက်အလက်များမှ စုစည်းရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

ကြောင်လျှာရွက်နု၏အသုံးဝင်ပုံ

           ကြောင်လျှာပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ‌ပေါက်ရောက်သော အပင်မြင့်မျိုး ဖြစ်ကြောင်း၊ ကြောင်လျှာရွက်၏နုနယ်သောအညွှန့်များသည် သွေးတွင်းကိုလက်စထ‌ရောကို လျော့ချပေးနိုင်ကြောင်း၊ အရွက်နုကိုစားသုံးခြင်းဖြင့် အဖျားပျောက်စေခြင်း၊ နှာခေါင်းလမ်းကြောင်း အတွင်း အမြှေးရောင်ရမ်းခြင်းကို သက်သာစေကြောင်း၊ သွေးကိုသန့်စင်စေပြီး သွေးလှည့်ပတ်မှု ကိုကောင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲအမျိုးမျိုးယိုယွင်းမှုကိုနှေးကွေးစေခြင်း၊ မျက်စိအား ကောင်းစေခြင်း၊ ဝမ်းဗိုက်အတွင်း လေထိုးလေအောင့်များကိုသက်သာစေခြင်း၊ အစာစားချင်စိတ်က ပိုတိုးစေခြင်း၊ ခြေလက်အဆစ်အမြစ်ကိုက်ခဲခြင်းများကိုသက်သာကြောင်း၊ အရွက်ကိုပြုတ်ပြီး သောက်ရင် ဗိုက်အောင့်တာကိုသက်သာစေ၍ အစာကြေစေပြီး အစာစားချင်စိတ်ကို ဖြစ်စေကြောင်း၊ အူထဲက လေထိုးလေအောင့်တာများကို သက်သာစေကြောင်း ဖတ်ရှု့သိရှိရသည်။  ကြောင်လျှာရွက် ၏ နုနယ်တဲ့အညွှန့်များကို ဟင်းချိုချက်စားခြင်း၊ အတို့အမြှပ် အဖြစ်ငါးပိရည်နှင့်စားခြင်း၊ ကြောင်လျှာသီးများကိုကြော်ချက်စားခြင်း၊ကြောင်လျှာသီးအစိမ်းကို ကြက်သွန်နီဆီချက်၊ မြေပဲထောင်း၊ ပုစွန်ခြောက်၊ ပဲကျက်မှုံတို့ဖြင့်သုပ်စားခြင်း၊ အသီးကိုချဉ်ဖတ်လုပ်စားရင်လည်း အရမ်းအရသာရ၍ စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားကြကြောင်းသိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချ နေသောကြောင်လျှာရွက်နု တစ်စီးလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း