Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖောင်တော်ဦး ဘုရားပွဲဈေးရှိ ကောင်ညှင်းကျဉ်ထောက်ဈေးနှုန်း

         မိတ္ထီလာမြို့ ဖောင်တော်ဦး ဘုရားပွဲတော်ကို တော်သလင်းလဆန်း (၈) ရက် မှစ၍ ကျင်းပလျက်ရှိရာ မိတ္ထီလာမြို့အနီး မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်ရှိ မြို့ပေါ်ကျေးရွာများမှ ဘုရားဖူးလာပြည်သူများနှင့်  စည်ကားလျက်ရှိပါသည်။ ဘုရားဖူးလာ ပြည်သူများအနေဖြင့် ပွဲဈေးလည်၊ လှေပြိုင်ပွဲကြည့်ပြီး အဆာပြေစားသုံးသူရန်နှင့် အိမ်အပြန်လက်ဆောင် မုန့်ပဲသွားရည်စာများ ဝယ်ယူကြရာတွင် ပေါင်းတင်းဝါး(ခေါ်) ခဲတံချောင်း (ခေါ်) ကောက်ညှင်းကျဉ်ထောက်မှာလည်း အရောင်းသွက်ကြောင်း သိရသည်။ ဘုရာပွဲဈေးဖြစ်၍ (၁၂) ပွဲဈေးသည်များက အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချကြရာ ကောင်းညှင်းကျဉ်ထောက်ကို ရန်ကုန်မှ လာရောက်ရောင်းချကြကြောင်း သိရသည်။ မိတ္ထီလာမြို့ ဖောင်တော်ဦးဘုရားပွဲဈေးတွင် ကောက်ညှင်းကျဉ်ထောက်ကို အတုံးသေး (၂)တုံးပါ တစ်ဗူးလျှင် (၂၀၀၀) ကျပ် ကောက်ညှင်းကျဉ်ထောက်တစ်တောင့်လုံးဆိုလျှင် (၁၁၀၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဟင်္သာတမြို့နယ်အတွင်း ပဲစဉ်းငုံဈေးနှုန်း တည်ငြိမ်

     မြန်မာနိုင်ငံ၏ နာမည်ကျော် ငါးဖမ်းကျေးရွာဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသအတွင်း တည်ရှိပြီး စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း များကို အဓိကလုပ်ကိုင်ကြသည်။ ဒေသတွင်းတွင် ပဲစဉ်းငုံသီးနှံကို စိုက်ပျိုးမှု အနည်းငယ်ရှိသော် လည်း ဒေသ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အခြားဒေသများမှ အဓိကတင်ပို့ရောင်းချလေ့ ရှိသည်။

    ဟင်္သာတမြို့နယ်အတွင်း ရောင်းဝယ်ဖြစ်နေသော ပဲစဉ်းငုံများသည် အများအားဖြင့် အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများမှ တင်ပို့လာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၉၀၀၀) ကျပ် ခန့်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

     ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ပဲစဉ်းငုံနီ(၁)တင်း လျှင် (၈၁၀၀၀)ကျပ်ခန့်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၈၀၀၀)ကျပ်ခန့်ဖြင့် ရောင်းဝယ်နေကြောင်း ဒေသတွင်း ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ဈေးနှုန်းအနည်းငယ်မြင့် တက်ရခြင်းမှာ ပို့ကုန်တင်ပို့မှုများပြားခြင်းနှင့် ဒေသတွင်းသို့ ရောက်ရှိလာသော ကုန်ပစ္စည်း ပမာဏ အနည်းငယ်လျော့နည်းခြင်းကြောင့်ဟု ယူဆရကြောင်း သိရသည်။ ဟင်္သာတမြို့နယ်ရှိ ပဲစဉ်းငုံများကို မြို့နယ်အတွင်းရှိ ဈေးများနှင့် ကုန်စည်ဆိုင်ကြီးများတွင် အဓိကရောင်းချလေ့ရှိကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့ပေါ်ရှိ ထောပတ်သီးဈေးနှုန်း အခြေအနေ

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်တွင် ဒေသထွက်ကုန်များနှင့်အတူ အနယ်နယ် အရပ်ရပ်မှ တင်သွင်းလာသော လူသုံးကုန်၊ စားသောက်ကုန်များ အများအပြား ရောင်းချလျက် ရှိရာတွင် Hass မျိုး ထောပတ်သီး သည်လည်း လူကြိုက်များလျက်ရှိသည့် သစ်သီးတစ်မျိုး ဖြစ်သည်။ ဗီတာမင်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု လူသိများသည့် အသီးဖြစ်ပါသည်။ ရှမ်းပြည်နယ် (ညောင်ရွှေ၊ အောင်ပန်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) စသည့် ဒေသများမှ တင်သွင်း လာသော Hass မျိုး ထောပတ်သီးများကို ပုသိမ်မြို့ပေါ်ရှိ  ဈေးများနှင့် သစ်သီးဆိုင်တို့တွင် အဓိက ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ဈေးနှုန်းအခြေအနေအရ ယခင်က ထောပတ်သီး ၁ ကီလိုဂရမ်လျှင် (၁၂,၀၀၀) ကျပ် နှင့် ကီလိုဝက်လျှင် (၆,၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိရာမှ ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ထောပတ်သီး ၁ ကီလိုဂရမ်လျှင် (၇,၀၀၀) ကျပ် သို့ ဈေးကျဆင်းသွား ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။ ဈေးနှုန်းများ သိသိသာသာ ကျဆင်းရခြင်း အကြောင်းအရင်းမှာ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသော ထောပတ်သီး အရင်းအမြစ် များပြားလာပြီး ဈေးကွက်အတွင်း ရောင်းချမှုပမာဏ များပြားလာသောကြောင့်ဟု ရောင်းချ သူများက ဆိုပါသည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခြင်းကြောင့်လည်း ကုန်စည်အရောက်အပေါက်မြန်ဆန်ကာ ကုန်ကျစရိတ် သက်သာရာမှ ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်နိုင်ကြောင်း သိရပါသည်။ ယခုလို ဈေးနှုန်းသက်သာလာမှုသည် စားသုံးသူများအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ရောင်းအားကောင်းမွန်နေဆဲဖြစ်ပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့တွင် ရောင်းချလျက်ရှိသော အာလူးနှင့် ဂျင်း(ချင်း) ဈေးနှုန်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဓိကဈေးကြီးများဖြစ်သည့် မြို့မဈေးနှင့်ဘူတာ ဈေးတို့တွင် အာလူးသီးနှင့် ဂျင်း(ချင်း)တို့ကို ရောင်းချလျက်ရှိပါသည်။ ရောင်းချနေသော ကုန်ပစ္စည်းအများစုမှာ ရှမ်းပြည်နယ် (အောင်ပန်း၊ ညောင်ရွှေ) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) စသည့် ဒေသများမှ တင်ပို့လာခြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်သဖြင့် ဈေးကွက်တွင် ဝယ်ယူကြကြောင်း သိရပါသည်။ ပုသိမ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ  အာလူး အလုံးကြီး - (၁)ပိဿာ လျှင် ၆,၅၀၀ ကျပ်၊ (၅၀)ကျပ်သားလျှင် ၃,၂၅၀ ကျပ်၊ (၂၅)ကျပ်သား လျှင် ၁,၆၅၀ ကျပ်။ ပုသိမ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ် နေသော ဈေးနှုန်းများမှာ ဂျင်း(ချင်း)တက် (၁)ပိဿာလျှင် ၆,၅၀၀ ကျပ်မှ ၇,၀၀၀ ကျပ် (အရည်အသွေးကို လိုက်၍) ရောင်းချလျက် ရှိပါသည်။

     ပုသိမ်မြို့ပေါ်ရှိ ဟင်းသီးဟင်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ အာလူးနှင့်ဂျင်းသည် နေ့စဉ်ဟင်းလျာအတွက် အသုံးများသည့်အပြင် စားသောက်ဆိုင်များနှင့် မုန့်ဟင်းခါးဆိုင်များမှလည်း ဝယ်ယူမှုများကြောင်း၊ ယခုလို မိုးရာသီကာလအတွင်း သယ်ယူပို့ဆောင်ရေး ခက်ခဲမှုကြောင့် ယခင်ပတ်များနှင့်ယှဉ်လျှင် ဈေးနှုန်းအနည်းငယ် တည်ငြိမ်နေ ရသည်ဟု ဆိုပါသည်။ သို့ရာတွင် ဝယ်လိုအားကောင်းမွန်ပြီး အရောင်းအဝယ် ရှင်သန်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ပုသိမ်မြို့ရှိ ကြက်အူချောင်း/ဝက်အူချောင်း ဈေးနှုန်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကြက်အူချောင်း/ဝက်အူချောင်းများကို ကိုယ်တိုင် ပြုလုပ်၍ ဈေးများတွင် ရောင်းချသကဲ့သို့ နာမည်ကြီး ဒေါ်ကျင်မြကဲ့သို့ ကြက်အူချောင်း/ ဝက်အူချောင်းရောင်းချနေသည့် လုပ်ငန်းရှင်များလည်းအများအပြားရှိပါသည်။ ကြက်အူချောင်း/ ဝက်အူချောင်းသည် ချက်ပြုတ်ရန် မြန်ဆန်လွယ်ကူသည့်အတွက် အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုးအဖြစ် လူကြိုက်များပါသည်။

      ကြက်အူချောင်း/ဝက်အူချောင်းများကို မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များမှ လည်းကောင်း၊ အိမ်ရှင်မများ ဟင်းလျာများ ချက်ပြုတ်ရာတွင်လည်းကောင်း အများဆုံး အသုံးပြုနေကြကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချ ခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၃၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ရှိခဲ့ပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ စက်တင် ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၃၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၅၀၀) ကျပ်အထိ ဖြစ်လျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက ပိဿာချင်း (၅,၀၀၀)ကျပ်၊ ကျပ်သားချင်း (၅၀)ကျပ်မှ (၂၅၀၀)ကျပ် အထိ ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

      ဈေးနှုန်းမြင့်တက်ရခြင်း၏ အကြောင်းရင်းမှာ ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာခြင်း နှင့် သယ်ယူပို့ဆောင်ခွင့်စရိတ်တို့ကြောင့် ဖြစ်နိုင်ကြောင်း ရောင်းချသူများက ဆိုပါသည်။ သို့ရာတွင် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်လှသော အစားအစာဖြစ်သည့်အတွက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာသော်လည်း ရောင်းအားကောင်းမွန်ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်၏ အုန်းသီးဈေးကွက်

    အုန်းပင်သည် ဧရာဝတီတိုင်းဒေသကြီး၏ မြစ်ဝကျွန်းပေါ်ဒေသတွင် စိုက်ပျိုးရ လွယ်ကူ သော အဓိကစိုက်ပျိုးပင် တစ်မျိုးဖြစ်ပါသည်။ ပုသိမ်မြို့နယ်နှင့် ဝန်းကျင် ကျေးရွာများတွင် အိမ်တိုင်းနီးပါး စိုက်ပျိုးထားသည်ကို တွေ့မြင်နိုင်ပြီး စီးပွားဖြစ် စိုက်ပျိုးသည့် ခြံများလည်း ရှိပါသည်။ အုန်းသီးနှင့် အုန်းထွက်ပစ္စည်းများသည် ဒေသခံတို့၏ နေ့စဉ်အစားအစာမှသည် ဘာသာရေး၊ ယဉ်ကျေးမှုအခမ်းအနားများအထိ မရှိမဖြစ် အရေးပါသော ကုန်ပစ္စည်းတစ်ခု ဖြစ်သည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပုသိမ်မြို့ပေါ်ရှိ အဓိကဈေးကြီးများ တွင် အုန်းသီးများကို အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက် ဟူ၍ (၂)မျိုး ခွဲခြား၍ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ အုန်းသီးများသည် ပုသိမ်မြို့နယ်အတွင်းမှသာမက ကန်ကြီးထောင့်၊ ကျောင်းကုန်း ၊ ရေကြည် စသည့် အနီးတဝိုက်မြို့နယ်များမှလည်း ဝင်ရောက် လျက်ရှိပါသည်။ လက်ရှိဈေးနှုန်းများမှာ အုန်းသီး၏ အရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ ကွာခြားမှုရှိပါသည်။ အုန်းသီးအစိမ်း (၁)လုံး ၏ ဈေးနှုန်းမှာ ကျပ် ၃၅၀၀ မှ ၅၀၀၀ အထိရှိပြီး အုန်းသီးအခြောက် (၁)လုံး ၏ ဈေးနှုန်းမှာ ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ ရှိကြောင်း သိရပါသည်။

   ဈေးအတွင်းရှိ အုန်းသီးရောင်းသူ တစ်ဦး၏ ပြောပြချက်အရ အုန်းသီးအခြောက်များကို ပုသိမ်မြို့ပေါ်ရှိ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရေခဲမုန့်နှင့် အခြားမုန့်ပဲသွားရေးလုပ်ငန်းရှင် အများအပြားက နေ့စဉ်နီးပါး ဝယ်ယူကြကြောင်း သိရပါသည်။ ထို့အပြင် အုန်းသီးအစိမ်းများကိုမူ အိမ်ရှင်မများ၏ နေ့စဉ်ချက်ပြုတ်ရေးအတွက်သာမက ဘာသာရေးနှင့် မင်္ဂလာဆောင်ကိစ္စရပ်များ အတွက် ဝယ်ယူကြကြောင်း သိရပါသည်။

    ပုသိမ်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် အုန်းသီးထွက်ရှိမှု ပေါကြွယ် ဝပြီး၊ ဒေသထွက် အုန်းထွက်ပစ္စည်းများများလည်း ဈေးကွက်တွင် ရောင်းချလျက်ရှိရာ အုန်းသီး ဈေးကွက်သည် တစ်နှစ်ပတ်လုံး အရောင်းအဝယ် သွက်လျက်ရှိသည့် ဈေးကွက်ကောင်းတစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

သာစည်မြို့နယ်ဆန်ဈေးကွက်၊ဈေးနှုန်း

       သာစည်မြို့နယ်တွင် စက်တင်ဘာလဆန်းရှိ ဆန်ဈေးနှုန်းများ ဈေးငြိမ်နေကြောင်းသိရသည်။ ဆန်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သော ဆန်အမျိုးအစားများ ရွှေဘိုပေါ်ဆန်း၊ ပဒေသာ၊ မနောသုခ၊ သုခထွန်း၊ ရက်(၉၀)ဆန်များ အရောင်းအဝယ်ဖြစ်ရာ မနောသုခ၊ သုခထွန်း၊ ရက်(၉၀)ဆန်များမှာ မိုးဆန်(ကြားဆန်) များနှင့် နွေဆန်သစ်များတွေ့ရပြီး၊ ပေါ်ဆန်း၊ ပဒေသာဆန်တို့မှာ မိုးဆန်( ကြားဆန်) များဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ ဆန်ဈေးနှုန်းအနေဖြင့်  ရွှေဘိုမှဝင်ရောက်သောဆန်များမှာ ကားသယ်ခအနေဖြင့် ရွှေဘိုမှ မိတ္ထီလာသို့ တစ်အိတ်လျှင် ၈၀၀၀မှ ၈၅၀၀ ကျပ်ဈေးရှိသည့်အတွက် ဆန်ဈေးများပါမြင့်တက်နေပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိပါသည်။ စက်တင်ဘာလဆန်းတွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းများမှာ (၂၄)ပြီ (၁)အိတ်လျှင် ရွှေဘိုပေါ်ဆန်းမှာ(၁၆၅၀၀၀)ကျပ်၊ ရွှေဘိုပဒေသာမှာ(၁၃၀၀၀၀)ကျပ်၊ ကျောက်ဆည်ပဒေသာမှာ (၁၂၀၀၀၀)ကျပ်၊ မနောသုခ(မိုး)နှင့် ရက်(၉၀)(မိုး)မှာ(၇၀၀၀၀)ကျပ်၊ မနောသုခ(နွေ)နှင့် သုခထွန်းမှာ (၆၅၀၀၀)ကျပ်၊ တို့ဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်း၊ သာစည်မြို့နယ်အနေဖြင့် မိတ္ထီလာမှတစ်ဆင့် ဝယ်ယူရောင်းချမှုများအကြောင်း ဆန်ဆိုင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဧရာဝတီတိုင်းတွင် နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ

     မြို့ပြဒေသများရှိ စားသုံးသူများ၏ နို့နှင့် နို့ထွက်ပစ္စည်းများအပေါ် ဝယ်လိုအား တည်ငြိမ်မှုနှင့် အာဟာရဓာတ် စားသုံးမှုပုံစံများ မြင့်မားလာမှုတို့က ဧရာဝတီတိုင်း ေသကြီး အတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်းများကို တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသခံ မွေးမြူရေး သမားများအတွက် ဝင်ငွေရရှိရေး အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ် ရပ်တည် လာစေကြောင်း သိရသည်။

    ဧရာဝတီတိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းကြောင့် မြက်ခင်းလယ်ကွင်းများ ကျယ်ပြန့်စွာရှိပြီး နွားစာအတွက် စိုက်ပျိုးရန် ကောက်ရိုးနှင့် စားကျက်များ ပေါများခိုင်မာသော အခြေအနေရှိသည်။ ထို့အပြင် ရန်ကုန်၊ ပဲခူးစသော မြို့ပြကြီးများသို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အတော်အသင့် ရှိခြင်းကြောင့် နို့ထွက်ပစ္စည်းများ ဈေးကွက်သို့ ချက်ချင်း ရောက်ရှိ နိုင်ကာ လတ်ဆတ်မှုကို ထိန်းသိမ်းနိုင်ခြင်းသည် ဒေသအတွက် ပြိုင်ဆိုင်မှုအားသာချက် တစ်ရပ် ဖြစ်စေသည်။

     မွေးမြူရေးသမားအများစုသည် ဒေသခံဈေးကွက်များသို့ တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် ဒေသအခြေစိုက် နို့ကုမ္ပဏီကြီးများ၏ ကွန်ယက်များတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ၎င်းတို့၏ ထွက်ကုန်များအတွက် ဈေးကွက်ရှာဖွေရန် အခက်အခဲမရှိကြောင်း သိရသည်။ ယခုကဲ့သို့ နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးလာမှုသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဝင်ငွေ တိုးတက်ရေးအတွက် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး အာဟာရဖူလုံရေးအတွက်လည်း အထောက်အကူပြုလျက်ရှိသည်။ သို့ရာတွင် မွေးမြူရေးသမားများအနေဖြင့် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် သိရှိနားလည်ထားရန် လိုအပ်လှပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းတွင် ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ မတည်ငြိမ်ဘဲ အတက်အကျမြန်နေ

     ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများသည် မတည်ငြိမ်ဘဲ နေ့စဉ်လိုလို အတက်အကျမြန်နေပြီး ပြည်သူများအတွက် ဈေးဝယ်ချိန်ရွေးရခက်စေကာ မွေးမြူရေးလုပ်ငန်းရှင်များအတွက်လည်း ကုန်ကျစရိတ်မြင့်မားမှုနေကြောင်း သိရသည်။

          ဧရာဝတီတိုင်းရှိ ကြက်မွေးမြူရေးလုပ်ကိုင်သူများထံမှ ရရှိသော သတင်းအချက်အလက် များအရ ကြက်စာအတွက် အဓိကကုန်ကြမ်းများဖြစ်သည့် ပဲဖတ်၊ ငါးမှုန့်နှင့် ဆန်ကွဲဈေးနှုန်းများ ကမ္ဘာ့ဈေးကွက်အရ သိသိသာသာ မြင့်တက်နေခြင်း၊ ရောဂါဘယများ ကာကွယ်ရန် ကာကွယ် ဆေးနှင့် ဆေးဝါးကုန်ကျစရိတ်များ မြင့်မားလာခြင်း၊ လျှပ်စစ်မီတာခနှင့် လောင်စာဆီဈေးများ ကြောင့် ထုတ်လုပ်မှုစရိတ် သိသိသာသာ မြင့်တက်လာခဲ့သည်။

          ထိုသို့ ကုန်ကျစရိတ်များ မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း ဝယ်လိုအားသည် မပီပြင်ဘဲ ရှိနေသဖြင့် မွေးမြူရေးသမားများအနေဖြင့် ၎င်းတို့၏ ကုန်ကျစရိတ်ကို အတိအကျ ဈေးနှုန်းသတ်မှတ်ရန် အခက်အခဲရှိနေကြောင်း၊ ရက်အနည်းငယ်အတွင်း ကြက်သားနှင့် ကြက်ဥဈေးများ မကြာခဏ ပြောင်းလဲနေကြောင်း သိရသည်။

          ဈေးကွက်ဘက်မှလည်း ဝယ်လိုအားသည် လစဉ်လိုလို မတည်ငြိမ်ဘဲ ရှိနေပြီး အထူး သဖြင့် လစာနှင့် ဝင်ငွေရသည့်ရက်များတွင် ဈေးနှုန်း အနည်းငယ်မြင့်တက်လာကာ ရက်သတ္တ ပတ်အလယ်ပိုင်းရောက်လျှင် ပြန်လည်ကျဆင်းသွားတတ်သည့် သံသရာလည်နေကြောင်း သိရသည်။ ထို့အပြင် ကျေးလက်ဒေသမှ ဝင်ငွေနည်းပါးသည့် မိသားစုများအနေဖြင့် ပရိုတိန်း ဓာတ်ရရှိရန် အဓိကအားထားရသည့် ကြက်သားနှင့် ကြက်ဥများ ဝယ်ယူရန် အခက်အခဲရှိလာ နိုင်သည်ဟု စီးပွားရေးပညာရှင်အချို့က သုံးသပ်ထားသည်။

          ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးဦးစီးဌာနမှလည်း "မွေးမြူရေးလုပ်ကိုင်သူတွေ စရိတ် ချွေတာနိုင်ဖို့၊ ရောဂါကာကွယ်နိုင်ဖို့ နည်းပညာပေးသင်တန်းတွေ ဆက်လက်ပေးသွားဖို့ ရှိပါတယ်။ တဖက်မှာလည်း ဈေးကွက်တည်ငြိမ်ဖို့နဲ့ ထုတ်လုပ်သူတွေရော စားသုံးသူတွေပါ အဆင်ပြေစေဖို့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု ပြောကြားကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)

ရာသီစာမှိုအုန်းနက် ဈေးနှုန်းဈေးကွက်

          မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးတွင် စက်တင်ဘာလဆန်း၌ ရာသီစာမှိုအုန်းနက်များ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မိုးတွင်ကာလ ပေါက်လေ့ရှိတဲ့မှိုကို  မိတ္ထီလာမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြရာ မိုးဦးကျ ဝါဆို၊ ဝါခေါင်လများကပေါ်သည့် ဝါဆိုမှိုကို ရောင်းချခဲ့ရပြီး ယခုအခါမှာတော့  တော်သလင်း၊ သီတင်းကျွတ်လများမှာ ပေါက်လေ့ရှိတဲ့ မှိုအုန်းနက်များ ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။ မှိုအုန်းနက်များမှာ ရိုးတံရှည်ရှည်လေးဖြင့် စားသုံးရာတွင်လည်း စပ်ချွဲချွဲအရသာရှိသည့်အတွက် စားသုံးသူများ နှစ်သက်ကြပါတယ်။ ရာသီစာမှိုအုန်းနက်ကို မိတ္ထီလာမြို့ ပေါက်ချောင်းဈေးမှာတော့ အစီးသေးတစ်စီးလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ် ဈေးတို့ဖြင့် ရောင်းချရကြောင်း လက်လီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း