Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလ ပထမပတ်တွင် ကြက်ဥ၊ဘဲဥ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစား သောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက် လျက်ရှိပါသည်။

    ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရောင်းချသော  ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ၊ ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လျက်ရှိပါသည်။ ကြက်ဥများကို ဒေသတွင်း မွေးမြုရေးခြံများမှ အဓိက ဝယ်ယူရောင်းချလျက်ရှိပြီး ညောင်တုန်းမြို့နှင့်ကြိမ်ပင်ဆယ် မြို့တို့မှလည်း  မှာယူရောင်းချရကြောင်း၊ ဘဲဥများကို ကျိုက်လတ်ဒေသနှင့် မြောင်းမြ၊ လပ္ပတ္တာဒေသ များမှ မှာယူရောင်းချလျက်ရှိပြီး ဈးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် (၃၈၀၀ ကျပ်)၊ ကြက်ဥ အလုံး အသေး (၁၀)လုံးလျှင် ကျပ်(၃၆၀၀ ကျပ်)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၆၀၀ မှ ၄၈၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင် (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ် လျက်ကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူ ကုန်စုံဆိုင်များမှ သိရှိရပါသည်။

(DOCA ဧရာဝတီ)

မျှင်ငပိ ဈေးနှုန်း ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ပင်လယ်ဒေသထွက် မျှင်ငပိ ရောင်းဝယ်ရေး လုပ်ငန်း များရှိသည်။ မျှင်ငပိသည် ဟင်းချက်ရာတွင် အခတ်အနေဖြင့်လည်းကောင်း၊ ငပိထောင်း အနေဖြင့် လည်းကောင်း၊ မျှင်ငပိ ဆီကျော်အနေဖြင့်လည်းကောင်း အိမ်ရှင်မများက ချက်ပြုတ်စားသောက်ကြသည်။

   မျှင်ငပိ ဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပတ်က ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ၆၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ လက်ကားဈေးအနေဖြင့်  ၁ပိဿာလျှင် ၅၅၀၀ကျပ်၊ ၆၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း မျှင်ငပိဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း ယခင် ဧပြီလ ဈေးနှုန်းမှာ ၁ပိဿာလျှင် ၇၀၀၀၊ ၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Doca(ဧရာဝတီ)

မအူပင်တွင်ရောင်းချနေသော အုန်းထောပါတ် က‌ရေကရာ မုန့်

      မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အညာဒေသမှ ပြုလုပ်သော အုန်းထောပတ် ကရေကရာမုန့် ရောင်းချသူများ ရှိသည်ဟူ သိရသည်။ အညာ‌ဒေသထွက် အုန်းမလိုင်မုန့်များကို  ထောပတ်ကရေကရာ မုန့်များကို  ပုဂံညောင်ဦးဘက် ပင်ရင်းဆိုင်များမှ မှာယူပြီး မအူပင်မြို့နယ်အတွင်းရောင်းချလျက်ရှိပါသည်။

     အုန်းမလိုင်မုန့်များကို  ထောပတ်ကရေကရာ မုန့်များကို မအူပင်မှ အများပြည်သူများ ကြိက်နှစ်သက်၍ အချိုတည်းစာရာမှနန့် တစ်ခုအဖြစ် ဝယ်ယူစားသောက်ကြသည်။ ဈေးနှုန်း အနေဖြင့် ၁ဗူးလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ပုဂံညောင်ဦး ဘက်မှ မုန့်များကို တစ်ခါမှာယူပါက အရင်းအနှီး ၁၀သိန်းနီးပါး မုန့်မျိုးစုံ မှာယူရောင်းချကြောင်းနှင့် အကျိုးအမြတ်အနေဖြင့် ၅၀၀၀၀-၈၀၀၀၀ကျပ် ကျန်ရှိကြောင်း မုန့်များကို ရောင်းချပါက ၄လအတွင်း ရောင်းအား မြန်ကြောင်း ရောင်းချသူ ကစ်ကစ် အညာဒေသထွက် မုန့်ရောင်းချသူထံမှ သိရသည်။

Doca(ဧရာဝတီ)

ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းအနည်းငယ်ကျဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက် ရှိကြောင်း ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရသည်။ ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် မှ အဓိက တင်သွင်းရောင်းချလျက်ရှိပြီး ယခင်ရက်များက တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ (၅၀၀၀) ဝန်းကျင်အထိသာ ဈေးနှုန်းရှိကြောင်း သိရသည်။

    "ရှမ်းပြည်နယ်က ဂေါ်ဖီထုပ်တွေ အများကြီးဝင်လာတော့ ဈေးကွက်ထဲမှာ ဂေါ်ဖီထုပ်တွေ ပေါနေတယ်။ အရင်က တစ်လုံးကို ၅၅၀၀ ကျပ် ဝန်းကျင် လောက်ထိ ရောင်းရတယ်။ အခုတော့ ၄၀၀၀ ကနေ ၅၀၀၀ လောက်ပဲ ရောင်းရတော့တယ်" ဟု ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူ တစ်ဦးက ပြောသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေစေသော်လည်း ရောင်းချသူများအတွက် အရှုံးပေါ်ကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဧရာဝတီ(DOCA)

ပုသိမ်မြို့နယ်ရှိ ဖရဲသီးဈေးကွက်

     ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကား သော ဒေသဖြစ်သည်။ ဖရဲသီးသည် ပုသိမ်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးမှု များပြားပြီး၊ ရာသီအလိုက် ထွက်ရှိသောကြောင့် ဈေးကွက်တွင် များပြားမှုရှိပါသည်။ ပုသိမ်မြို့နှင့် အနီးပတ်ဝန်းကျင် ဒေသ များတွင် ဖရဲသီးကို စိုက်ပျိုးမှု များပြားပြီး၊ အဓိကအားဖြင့် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးစိုက်ပျိုးရာတွင် ရေသွင်းစိုက်ပျိုးနည်းစနစ်များ အသုံးပြုပြီး၊ မျိုးစေ့ရွေးချယ်မှု နှင့် စိုက်ပျိုးနည်းစနစ်များ ကောင်းမွန်စေရန် ကြိုးပမ်းလျက် ရှိပါသည်။ ဖရဲသီးကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းအပြင်၊ ဖျော်ရည်များ၊ ရေခဲမုန့်များတွင် အသုံးပြုကြပါသည်။ ဖရဲသီးသည် ရေဓာတ်ပြည့်ဝပြီး၊ ဗီတာမင်အေနှင့် စီတို့ ကြွယ်ဝသောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။

    ပုသိမ်မြို့တွင် ဖရဲသီးများကို ဈေးကွက်တွင် တွေ့ရှိရသည့် အဓိကနေရာများမှာ ပုသိမ်ဗဟိုဈေး၊ ကျေးရွာဈေးများနှင့် လမ်းဘေးဈေးသည်များတွင် ဖြစ်သည်။ ဖရဲသီးများကို လတ်လတ်ဆတ်ဆတ် ရောင်းချသလို၊ ဖျော်ရည်များ ပြုလုပ်ရောင်းချသည့် ဈေးသည်များလည်း ရှိသည်။ ဖရဲသီးဈေးနှုန်း များသည် ရာသီအလိုက် ပြောင်းလဲမှုရှိပြီး၊ စိုက်ပျိုးထုတ်လုပ်မှု ပေါ်တွင်လည်း မူတည်သည်။ ပုံမှန်အားဖြင့် အလုံးသေး (၁) လုံးလျှင် ၂၅၀၀/၃၀၀၀ ၊ အလုံးကြီး (၁) လုံးလျှင် ၄၀၀၀/၅၀၀၀ ကျပ်အထိ ဈေးနှုန်း ရှိကြောင်း သိရပါသည်။

ဧရာဝတီ(DOCA)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဩဇာသီးဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွန်းကားသော ဒေသဖြစ်ပြီး၊ ဩဇာသီး ကို ဒေသတွင်းတွင် စိုက်ပျိုးမှု အနည်းငယ်ရှိသော်လည်း၊ အများစုမှာ အခြားဒေသများမှ တင်ပို့ရောင်းချ နေခြင်း ဖြစ်သည်။ ဩဇာသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုပြီး၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသောကြောင့် လူကြိုက်များသော သစ်သီးတစ်မျိုးဖြစ်သည်။ ဩဇာသီးများကို အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ တင်ပို့လာခြင်း ဖြစ်သည်။ ထိုဒေသများတွင် ဩဇာသီးစိုက်ပျိုးမှု များပြားပြီး၊ ရာသီအလိုက် ထွက်ရှိ သောကြောင့် ဖြစ်သည်။ ဩဇာသီးများကို လတ်လတ်ဆတ်ဆတ် ရောင်းချသလို၊ ခြောက်သွေ့အောင် ပြုလုပ်ပြီး ရောင်းချသည့် ဈေးသည်များလည်း ရှိသည်။

     ဩဇာသီးကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းအပြင်၊ ဖျော်ရည်များ၊ ခြောက်သွေ့အောင် ပြုလုပ်ပြီး စားသုံးခြင်း၊ ဆေးဖက်ဝင်အဖြစ် အသုံးပြုခြင်းများလည်း ရှိသည်။ ဩဇာသီးသည် ကျန်းမာရေး အတွက် အထောက်အကူပြုပြီး၊ ဗီတာမင်စီ၊ သံဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝ သောကြောင့် လူကြိုက်များလာသည်။ ဩဇာသီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးမှုများပြားလာသည်နှင့်အမျှ ဈေးကွက်တွင် ပိုမိုတွင်ကျယ်လာမည်ဟု မျှော်လင့်ရပါသည်။ ထို့ပြင်ဩဇာသီးဈေးနှုန်းများသည် ရာသီ အလိုက် ပြောင်းလဲမှုရှိပြီး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ပေါ်တွင်လည်း မူတည်သည်။ ပေါ်ဦး ပေါ်ဖျားချိန်တွင် (၁) လုံးလျှင် (၃၀၀၀) ကျပ်အထိ ဈေးကောင်းရလျက်ရှိပြီး ပုံမှန်ချိန်တွင်  (၁) လုံးလျှင် ၇၀၀/၁၀၀၀ ကျပ်အထိ ဈေးနှုန်းရှိကြောင်း သိရပါသည်။

ဧရာဝတီ (DOCA)     

ပုသိမ်မြို့နယ်တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ဂန္ဓမာပန်း ဈေးနှုန်းများ

    မေမြို့ပန်းသည် မျိုးစိတ်စုံလင်ပြီး ဒေသအလိုက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးများကိုသာ စိုက်ပျိုးလေ့ရှိသည်။ အဖြူ၊ ကြက်သွေး၊ ခရမ်းနှင့် ပန်းရောင်စသည့် အရောင်စုံ ဖြင့် လှပစွာပွင့်သော ဤပန်းမျိုးသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ဘုရားပန်းအဖြစ် ပူဇော်ခြင်း၊ တရားပွဲနှင့် ဘာသာရေးအခမ်းအနားများတွင် အလှဆင်ခြင်း၊ မင်္ဂလာဆောင်များ၌ အောင်ပန်းအဖြစ် အသုံးပြုခြင်းစသည်ဖြင့် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပုသိမ်မြို့နယ်ရှိ ဈေးများတွင် ဂန္ဓမာပန်း (၃/၅) ပင်ပါ တစ်စီးကို ၂,၅၀၀ ကျပ်၊ (၅) စီးပါ တစ်ထုံးကို ၁၃,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်စည်ကားနေကြောင်း ပန်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ဒေသခံများအနေဖြင့် ဂန္ဓမာပန်းကို ဘာသာရေးနှင့် လူမှုအခမ်းအနားများအတွက် အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့မဈေးတွင် ဒေသထွက် ခရမ်းသီးများ ဈေးကွက်ဝင်ရန် စတင်

    ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် အားလျော် စွာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာဒေသအဖြစ် ကျော်ကြားသည်။ ယခုအခါ မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထုတ်လုပ်သည့် ဆင်စွယ်ခရမ်းသီးများ ညောင်တုန်းမြို့မဈေးတွင် အရောင်း သွက်လျက်ရှိကြောင်း သိရသည်။

          မြို့မဈေးအတွင်းရှိ ကုန်စိမ်းရောင်းဝယ်ရေးနေရာတွင် ကျေးရွာများမှ တိုက်ရိုက်ရောက်ရှိ လာသော လတ်ဆတ်သည့် ဆင်စွယ်ခရမ်းသီး (အစိမ်းရောင်) များကို (၂၅)ကျပ်သားလျှင် ကျပ် ၉၀၀ မှ ၁,၁၀၀ ကြား၊ တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ မှ ၄,၀၀၀ ကြားဖြင့် ရောင်းချလျက်ရှိသည်။ အရောင်အမျိုးမျိုးရှိသည့် ခရမ်းသီးများအနက် အစိမ်းရောင်နှင့် အဖြူရောင်ခရမ်းသီးများကို လူကြိုက်အများဆုံးဖြစ်ပြီး ဈေးကောင်းရရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

          ဤဟင်းသီးဟင်းရွက်များကို ခရမ်းချဉ်သီးနှင့်တွဲဖက်ချက်သည့် ခရမ်းချဉ်ခရမ်းသီးကြော်၊ အသားနှင့်ရောချက်သည့် ခရမ်းသီးဟင်း၊ ငါးပိရည်ဖျင်း စသည့် ဒေသအစားအစာများတွင် အဓိက ထားသုံးစွဲကြသဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား မြဲနေသည်။ ဤသို့ ဒေသထွက်ကုန် များ ဈေးကောင်းရရှိခြင်းသည် ကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော ဒေသခံများ၏ နေ့စဉ်မိသားစုအပိုဝင်ငွေတိုးတက်စေရန် အထောက်အကူပြုလျက်ရှိသည်။

DOCA (ဧရာဝတီ)

ဟင်းခတ်အမွှေးအကြိုင်များအဖြစ် အသုံးပြုနေသည့် ဟင်းသီးဟင်းရွက်များ ပုသိမ်မြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများထဲတွင် ဟင်းခတ်အမွှေးအကြိုင် အဖြစ်အသုံးပြုသည့် ကြက်သွန်မြိတ်၊ စပါးလင်နှင့် နံနံပင်စသည့် ဟင်းသီးဟင်းရွက်များသည် ပုသိမ်မြို့နယ်ရှိ ဈေးများတွင် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ဈေးများအတွင်းရှိ ကုန်စိမ်းရောင်းဝယ်ရေးနေရာတွင် ကျေးရွာများမှ တိုက်ရိုက်ရောက်ရှိ လာသော လတ်ဆတ်သည့် ကြက်သွန်မြိတ်များကို တစ်စည်းလျှင် ကျပ် ၅၀၀ မှ ၇၀၀ ကြား၊ စပါးလင်ပင်များကို ၁၀ ပင် တစ်စည်းလျှင် ကျပ် ၁,၅၀၀ မှ ၂,၀၀၀ ကြားဖြင့် ရောင်းချလျက်ရှိသည်။ နံနံပင်များကိုမူ တစ်စည်းလျှင် ကျပ် ၁,၀၀၀ ခန့်ဖြင့် ဈေးကောင်းရရှိနေကြောင်း ဈေးသည်တစ်ဦး ထံမှ သိရှိရသည်။

          ဤဟင်းခတ်အမွှေးအကြိုင်အသီးအရွက်များကို ငါးပေါင်း၊ ငါးကင်၊ အသားဟင်းများ ချက်ပြုတ်ရာတွင်သာမက ဒေသ၏ထင်ရှားသော မုန့်ဟင်းခါးအမျိုးမျိုးတွင် မပါမဖြစ် အသုံးပြုကြ သဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအားအမြဲမပြတ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ပြည်တွင်းဈေးကွက်သို့ ပင်လယ်စာနှင့် ငါးခြောက်များ စံချိန်တင်တင်ပို့နိုင်

      ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ပြည်တွင်းဈေးကွက်သို့ မေလအတွင်း ပင်လယ်စာနှင့် ဒေသထွက်ငါးခြောက်များ စံချိန်တင်တင်     ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သည့် လပွတ္တာမြို့နယ်သည် ၎င်း၏ လတ်ဆတ်သော ပင်လယ်စာ ထုတ်ကုန်များအတွက် ကျော်ကြားပြီး ယခုလအတွင်း ပင်လယ်ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးမှုန့်ခြောက်နှင့် ခရုခြောက်စသည့် ကုန်ပစ္စည်းပိဿာချိန် ၁၅၀,၀၀၀ ကျော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးရှိ ဈေးကွက်များသို့ တင်ပို့နိုင်ခဲ့သည်။ ယခင်လထက် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်မှုရှိခဲ့ပြီး မြို့နယ်၏ ယခင်က စံချိန်ကို ကျော်လွန်ကာ စံချိန်သစ်တင်နိုင်ခြင်း ဖြစ်သည်။

          "လပွတ္တာမြို့နယ်က ထွက်တဲ့ ပင်လယ်စာနဲ့ ငါးခြောက်တွေဟာ လတ်ဆတ်မှု၊ အရည်အသွေးနဲ့ သဘာဝအတိုင်း အရသာရှိမှုတို့ကြောင့် နာမည်ကြီးပါတယ်။ ဒါကြောင့်ပဲ ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအား အမြဲမြင့်မားနေတာပါ" ဟု လပွတ္တာမြို့နယ် ငါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ က ပြောကြားသည်။ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် ငါးခြောက်လုပ်ငန်းကို မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ယခုအခါ ဤလုပ်ငန်းမှတစ်ဆင့် လုပ်သားပေါင်း ၃,၀၀၀ ခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း သိရသည်။ ဒေသထွက်ကုန်များ ဈေးကွက် တိုးချဲ့နိုင်ခြင်းသည် ဒေသခံများ၏ ဝင်ငွေတိုးတက်စေရုံသာမက ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အထောက်အကူပြုလျက်ရှိသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း