Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ပေါ်၌ ဇူလိုင်လ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်း ဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲတီစိမ်းမှာ ကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပခုက္ကူကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲတီစိမ်းကို စိုက်ဧက(၆၀၀၀)ကျော်ရှိပြီး  အဓိကစိုက်ပျိုးသောနေရာများမှာ  ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စုကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ တစ်ကွင်းတစ်စပ်အဖြစ် စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည်  စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ပြီး အခြားမြို့များမှလည်း လာရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဇူလိုင်(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲတီစိမ်းဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၄၅၀၀၀ မှ ၆၀၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ် (၅၀၀၀၀ မှ ၆၀၀၀၀)၊ (တတိယပတ်)အစတွင် ကျပ်(၅၀၀၀၀ မှ ၆၁၀၀၀)၊ (စတုတ္ထပတ်)တွင် ကျပ်(၆၀၀၀၀ မှ ၇၀၀၀၀)ထိဖြစ်ပြီး ဇူလိုင်လအတွင်း ပဲတီစိမ်း တစ်တင်းလျှင်ကျပ် (၁၀၀၀၀)ကျပ် ခန့်ဈေးတက်နေပြီး အရောင်းအဝယ်မှာသွက်လျက်ရှိကြောင်း၊ ကုန်သည်များထံမှသိရှိရပါသည်။ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၅၀၀)မှ (၁၀၀၀)ထိဖြစ်ပြီး တင်ပို့အနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်၌ ဇူလိုင်လ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံနီ ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲစဉ်းငုံနီမှာ ကုန်စည်ဒိုင်သာမကမြို့ပေါ်ရှိပွဲရုံများတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲစဉ်းငုံနီ ကို စိုက်ဧက(၃၁၁၇)ကျော်ရှိပြီး  အဓိကစိုက်ပျိုးသောနေရာများမှာ  ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ သီးညှပ်အဖြစ် အခြားသီးနှံများနှင့်ရော၍ စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည်  စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့လည်းဖြစ်ပါသည်။

     ၂၀၂၄ခုနှစ်၊ ဇူလိုင်(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစဉ်းငုံနီဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် (၁၄၁၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၁၃၉၆၀၀)၊ (တတိယပတ်) တွင် ကျပ်(၁၄၁၆၀၀)၊ (စတုတ္ထပတ်)တွင် ကျပ်(၁၄၀၀၀၀)ဖြစ်ပြီး ဇူလိုင်လအတွင်း (ဒုတိယပတ်)တွင် ပဲစဉ်းငုံဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း (တတိယပတ်)နှင့် (စတုတ္ထပတ်) တို့တွင် ဈေးပြန်လည်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော ပဲစဉ်းငုံနီ ဈေးကွက်မှာ  ခိုင်မာလျက်ရှိကြောင်း၊ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၁၀၀)မှ(၃၀၀)ထိ ဖြစ်ပြီး တင်ပို့အနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်း

       တောင်ငူခရိုင်၊ ဖြူးမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်းပေါ်တွင်ရှိသဖြင့် မိုးစပါး အထူးအောင်မြင်ဖြစ်ထွန်းသည့် မြို့နယ်ဖြစ်ပါသည်။ ယခင်၂၀၂၃ခုနှစ်တွင် မိုးစပါးအထွက်နှုန်း ၉၁.၀၈တင်း ရှိခဲ့ပါသည်။ ယခု၂၀၂၄ခုနှစ်တွင်  ၁၅၁၀၅၃ဧကစိုက်ပျိုးရန် လျာထားလျက်ရှိရာ ယခုဇူလိုင်လအထိ ရာသီဥတုကောင်းမွန်ပြီး ရေကြီးရေလျှံမှုမရှိသေးသဖြင့် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။

       စိုက်ပျိုးသောစပါးမျိုးများမှာ ဆင်းသုခ၊ ဗျော့သုခ၊ မနောသုခ၊ နှံကောက်နှင့် ထိုင်းရက် ၉၀ စပါးမျိုးများအများဆုံးဖြစ်ပါသည်။ မြေပြုပြင်ချိန်မှ စိုက်ပျိုးချိန်အထိ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုးနှင့်သွင်းအားစုတန်ဖိုး ၃၇၀၀၀၀ကျပ်၊ လုပ်သားခ ၃၅၀၀၀၀ကျပ်၊ စုစုပေါင်း ၈၂၀၀၀၀ခန့်ရှိကြောင်းသိရပါသည်။

     ဖြူးမြို့နယ်တွင် လူဦးရေ ၂၆၆၀၀၀ခန့်ရှိရာ ယခင်၂၀၂၃ခုနှစ်အထွက်နှုန်းအတိုင်းထွက်ရှိပါက စပါးတင်း ၈၅သိန်းခန့်ပိုလျှံမည်ဖြစ်ပါသည်။ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးကို ဆောင်ရွက်လျက်ရှိရာ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းထွက်ရှိပါက စပါးတင်း ကျပ်သိန်း၁၀၀ခန့်ပိုလျှံမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၇.၂၀၂၄ )

၂၆.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် ဘိလပ်မြေဈေးအနည်းငယ်ကျ

       တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၍ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ဘိလပ်မြေဈေးနှုန်းမှာ ကြံနှစ်ကောင်(အနီ)တစ်အိတ်လျှင် ၁၀၆၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၆၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

       Apache အမှတ်တံဆိပ် ဘိလပ်မြေနှင့် Alpha အမှတ်တံဆိပ် ဘိလပ်မြေများမှာ ဇွန်လတွင် တစ်အိတ်လျှင် ၁၀၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၄၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၈၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

         Max အမှတ်တံဆိပ် ဘိလပ်မြေမှာ ဇွန်လတွင် တစ်အိတ်လျှင် ၉၇၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၃၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၄၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

        မိုးရာသီကာလဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများနည်းပါးသဖြင့် ဘိလပ်မြေဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်လည်းပါးကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိ

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များသည် အခြေခံလူတန်းစားများသို့ ဆန်များကို သက်သာသောဈေးနှုန်းဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိပါသည်။

        ထိုသို့ရောင်းချပေးရာတွင် ရေတာရှည်မြို့နယ်ရှိ ရေတာရှည်၊ ဆွာ၊ သာဂရမြို့၊ မြို့လှနှင့်‌ ရေနီမြို့များရှိ ရပ်ကွက်များသို့ နေ့စဉ်အလှည့်ကျ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ လူတစ်ဦးလျှင် ဆန် ၂ပြည်နှုန်းရောင်းချပေးလျက်ရှိရာ ဇူလိုင်လ ၂၂ရက်နေ့တွင် သာဂရမြို့ဈေးအနီးရှိ သမာဓိဆန်ပွဲရုံက ဆန်(၁၀)အိတ်နှင့် မြို့လှမြို့၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန်(၅)အိတ်၊ ရေနီမြို့၊ မော်ကမ္ဘာဆန်စက်က ဆန်(၁၅)အိတ်၊ စုစုပေါင်း(၃၀)အိတ်ရောင်းချပေးခဲ့ပါသည်။

       ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် မုန့်ဟင်းခါးခြောက်ဈေးနှုန်းများမြင့်တက်

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် ဆန်အခြေခံထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သော မုန့်ဟင်းခါးခြောက်လုပ်ငန်းများ များစွာရှိသည့်ခရိုင်ဖြစ်ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသားများစိစစ်ပေးနိုင်ပါရန် တင်ပြသည့်စာရင်းအရ လုပ်ငန်းရှင် ၁၂ဦးက အမှတ်တံဆိပ် ၂၄မျိုးဖြင့် ထုတ်လုပ်ကြသည်ကိုတွေ့ရပါသည်။

     မုန့်ဟင်းခါးခြောက်သည် တာရှည်စွာအထားခံသည့်အပြင် ပွက်ပွက်ဆူသောရေနွေးတွင် ၁၅မိနစ်ခန့်ပြုတ်ရုံဖြင့် စိတ်ကြိုက်အလွယ်တကူစားနိုင်သဖြင့် လူကြိုက်များသည့် စားသောက်ကုန် ဖြစ်ပါသည်။ ဈေးနှုန်းလည်းသင့်တင့်သဖြင့် ဈေးကွက်ဝင်၍ ရောင်းအားကောင်းပါသည်။

         မုန့်ဟင်းခါးခြောက်များသည် ဇွန်လတွင် တစ်ထုပ်လျှင် ၄၅၀ကျပ်သာရှိခဲ့သော်လည်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်ထုပ်လျှင် ၆၀၀ကျပ်ဖြင့် တစ်လအတွင်း ၁၅၀ကျပ်ဈေးနှုန်းမြင့်တက်သွားပါသည်။ တောင်ငူခရိုင်မှထွက်ရှိသော မုန့်ဟင်းခါးခြောက်များကို မြန်မာနိုင်ငံနေရာအနှံ့အပြားသို့တင်ပို့ရောင်းချရပြီး တချို့မှာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံအထိတင်ပို့ရကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ညောင်ပင်ဈေးမှ မန်ကျည်းသီးစိမ်းများ

      တောင်ငူမြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများ၏ အိမ်ခြံဝင်းများတွင်စိုက်ပျိုးထားသော မန်ကျည်းပင်များမှ မန်ကျည်းသီးအစိမ်းများကို တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသီကို ငါးပိချက်ချက်၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း၊ ထောင်းစား၍သော်လည်းကောင်း ပုံစံမျိုးစုံဖြင့်စားသုံးနိုင်ပါသည်။

        ပေါ်ခါစတွင် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ကျပ်၊ တစ်ပိဿာယူလျှင် ၁၃၀၀၀ကျပ်အထိ ဈေးနှုန်းရှိခဲ့ပြီး ဇူလိုင်လ၊ စတုတ္ထအပတ်တွင် လှိုင်လှိုင်ပေါ်လာပြီဖြစ်သဖြင့် တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်၊ တစ်ပိဿာယူလျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

           မန်ကျည်းသီးစိမ်းများသည် အများကြိုက်နှစ်သက်သည့်အပြင် ဈေးနှုန်းလည်းသင့်တင့်သဖြင့် ရောင်းအားကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့၊ ပြည်သူ့ဆေးရုံတွင် အငြိမ်းစားဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်စားအုန်းဆီများရောင်းချပေးလျက်ရှိ

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များပူးပေါင်း၍ (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ ပဲခူးမြို့၊ ခုတင် ၅၀၀ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်နှစ်ပြည်နှင့် ဆီတစ်ပိဿာနှုန်းရောင်းချမှုပြုလုပ်ပေးခဲ့ပါသည်။

        ထိုသို့ရောင်းချမှုပြုလုပ်ရာတွင် ဆန်များနှင့် စားအုန်းဆီတို့ကို သက်သာသောဈေးနှုန်းများဖြစ်သည့် ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်း၊ ဆီတစ်ပိဿာလျှင် ၆၀၀၀ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ကြောင်း၊ ထိုသို့ရောင်းချရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရ၍ အဆိုပါရောင်းချခြင်းအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ မတ်ပဲ ဈေးနှုန်း ၊ ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇူလိုင်လစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ၈၃၀၀၀ကျပ်၊ မတ်ပဲရိုးရိုး တစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

     ယခင်ဇူလိုင်လ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း အရောင်းအဝယ်အေး၍ မတ်ပဲဈေးနှုန်းများအနည်းငယ် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း