Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာဈေးကွက်သို့ ဝါသီးနှံအသစ်များ စတင်ဝင်ရောက်

   မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလဆန်းမှစ၍ ဝါသီးနှံအသစ်များ စတင်ဝင်ရောက်လာ ပြီ ဖြစ်ကြောင်း သိရသည်။ ဈေးကွက်သို့ ဝါသီးနှံစိုက်ပျိုးသည့် မိတ္ထီလာနှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့ မှလာရောက်ရောင်းချကြရာ ယခုအခါ ချည်မျှင်တိုဝါကို မလှိုင်မြို့နယ်ရှိ ကျေးရွာများမှ ဝင်ရောက်လျက် ရှိပါသည်။ အသစ်ဝင်လာသောဝါမှ အရည်အသွေးမကောင်းသေးခြင်း၊ အစိုဓါတ်ပါခြင်းတို့ကြောင့် ဈေး နိမ့်ရာ ချည်မျှင်ရှည်ဝါ တစ်ပိဿာ (၃၂၀၀-၃၃၀၀) ကျပ်တို့ဖြင့် ဝယ်ယူနေပြီး၊ ချည်မျှင်တိုဝါကို တစ်ပိ  ဿာ (၃၂၀၀-၃၂၅၀) ကျပ်တို့ဖြင့် ဝယ်ယူရကြောင်းသိရသည်။

          မိတ္ထီလာဈေးကွက်ရှိ ဝါပွဲစား၊ ပွဲရုံ၊ ကုန်သည်များအနေဖြင့် နှစ်စဉ်ဝယ်ယူရရှိသော ဝါကို မိတ္ထီလာမြို့ပေါ်ရှိ ဝါစက်များနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းကြပါသည်။ ဝါသီးနှံကို နှစ်စဉ်အောက်တိုဘာ လမှစ၍ ဝယ်ယူကြရာ ယခင်နှစ်ကာလတူတွင် တစ်ပိဿာ (၃၅၀၀) ကျပ်ဈေးဖြင့် ဝယ်ယူခဲ့ရကြောင်း၊ ဝါကုန်သည်များထံမှသိရသည်။ မိတ္ထီလာခရိုင်အတွင်း ချည်မျှင်တိုဝါကို မိတ္ထီလာမြို့နယ်တွင် အနည်းငယ်နှင့် မလှိုင်မြို့နယ်တွင် ဧက (၃၇၀၀) ကျော် စိုက်ပျိုးထားပြီး ချည်မျှင်ရှည်ဝါကို အများဆုံးစိုက်ပျိုး ကြောင်းသိရသည်။

DOCA(မန္တလေး)

“ဂန္ဓာမာပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများအဆင်ပြေလျက်ရှိ”

          ကျောက်ဆည်မြို့နယ် ၊ ထားဝယ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် ဂန္ဓာမာပန်းမျိုးစုံကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချသည့် မိသားစုများ ရှိကြောင်း၊ စိုက်ပျိုးထားသော ဂန္ဓာမာပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ရွှေဝါဝင်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်း၊ ပန်းပျိုး ပင်များကို ပြင်ဦးလွင်မြို့အနီးစခန်းကျေးရွာများမှ တစ်ပင်လျှင်(၂၅-၃၀)ကျပ်အထိ ပန်းအမျိုးအစား အလိုက် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပျိုးပင်ရေ(၆)သောင်းခန့် စိုက်ပျိုးနိုင်ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄)လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ ရောင်းချရာတွင် ပန်းခိုင်(၁၀)ခိုင်ခန့် ပါဝင်သောပန်းတစ်စည်းလျှင် ပန်းလှပမှုနှင့် ပန်းအမျိုးအစား ပေါ်မူတည်၍ လက်လီဈေးနှုန်းအနေဖြင့် (၃၀၀၀)ကျပ်နှုန်းခန့် ရောင်းချရကြောင်း၊ ပန်းစတင် ခူးဆွတ်ချိန်မှ အပြီးရိတ်သိမ်းချိန်အထိ ပန်းအစည်းပေါင်း (၂၅၀၀)ခန့် ထွက်ရှိပြီး၊ လက်ကားဈေး တစ်စည်းကို (၁၉၀၀/-)ကျပ်ဖြင့် ရောင်းချရသောကြောင့် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် (၂၅)သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၂၀)သိန်းကျော် ကျပ်ခန့်အမြတ်ရရှိကြောင်း၊ ဂန္ဓာမာပန်းများကို နှစ်ပတ်လည်စိုက်ပျိုး ရောင်းချ သူများ အနေဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

မြေပဲကြားဈေးကွက်ဈေးနှုန်းငြိမ်လျှက်ရှိ

   မိတ္ထီလာမြို့နယ်တွင် မိုးမြေပဲပေါ်သည့် စက်တင်ဘာလ၌ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်သော မိုးမြေပဲ(အစို)များလည်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာခရိုင်သည် မိုးမြေပဲကို အများအပြားစိုက်ပျိုးသောဒေသဖြစ်ပြီး မြေပဲကို ဆီထွက်သီးနှံအနေဖြင့် အဓိက ထားသော်လည်းမုန့်ပဲသရေစာအတွက် အသုံးပြုနိုင်သော မြေပဲကို စားသုံးသူများက သွားရည်စာ အနေဖြင့် မြေပဲတောင့်အစိုကို ပြုပ်၍ စားသုံးတတ်ကြပါသည်။ မြေပဲတောင့်အစို ဈေးကွက် ၌ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်သော မြေပဲတောင့်အစို(မြေပဲကြား)ကလည်း ဈေးကွက် အတွင်း အရောင်းအဝယ်ရှိလာခြင်းဖြစ်သည်။ မြေပဲတောင့်အစိုများတွင် ဒေသထွက်မှာ မိုးနည်းပြီး မြေကျစ်သောဒေသတွင် စိုက်ပျိုးခြင်းဖြစ်ပြီး ရှမ်းတောင်မှ ဝင်ရောက်မြေပဲတောင့်အစိုမှာ မြေမွှမွှတွင် အစိုဓာတ်ဖြင့် စိုက်ပျိုးခြင်း၊ ပြုတ်၍ သွားရည်စာအဖြစ် စားသုံးပါက နူးညံ့သည့်အတွက် စားသုံးသူများက ပိုမိုကြိုက်နှစ်သက်ကြကြောင်းသိသည်။ထိုသို့မြေပဲပြုတ်အနေဖြင့် စားသုံးမှုများသော ရှမ်းတောင် မှ ဝင်ရောက်လာသည့် မြေပဲတောင့်အစိုဈေးနှုန်းမှာ အောက်တိုဘာလဆန်းတွင် လက်လီ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊လက်ကားတစ်ပိဿာလျှင် (၄၀၀၀) ကျပ်တို့ဖြင့် အရောင်း သွက်ကြောင်း လျှက် ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းငြိမ်လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

“ရုံးပတီသီးစျေးနှုန်းအနည်းငယ်ကျဆင်း”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာ ကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုး လာကြပါသည်။ ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ရုံးပတီသီးကို သံချပ်ကုန်း၊ အုတ်ဖို နှင့် ရွာပုလဲကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး ၊ ပင်လတ်မျိုး နှင့် ပင်မြင့်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်အပတ်ထက် စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက်ဈေးနှုန်းအတက်အကျရှိကြောင်း၊ အကျိုး အမြတ်အနေဖြင့်(၇၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့လာရောက် ဝယ်ယူသော ကုန်စိမ်း ပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေးနှင့် အေးမြကြည်လင်ဈေးများသို့လည်း တင်ပို့ ရောင်းချကြကြောင်း၊ ရုံးပတီသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)

 

 

“ကျောက်ဆည်မြို့ပန်ထိမ်ငိုပန်းစျေးကွက်”

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေး နှင့် မြို့မစျေးများသို့ ပန်းမျိုစုံ ဝင်ရောက်လျက်ရှိရာ ပန်းတိမ်ငိုပန်း၊ ဂန္ဓမာပန်း နှင့် နှင်းဆီပန်းများ အများဆုံးဝင်ရောက် လျက်ရှိပါသည်။၄င်းပန်းများထဲမှ ပန်းတိမ်ငိုပန်းကို ကလော ၊ အောင်ပန်း နှင့် ပြင်ဦးလွင်မြို့များမှ အများဆုံး ဝင်လျက်ရှိကြောင်း ၊ ပန်းထိမ်ငိုပန်းအနေဖြင့် (၃)မျိုးရှိပြီး အရာင်များမှာ အဖြူရောင်၊ ခရမ်းနုရောင်၊ ခရမ်းရင့်‌ရောင်ဟူ၍ရှိပါသည်။ ယခုလက်ရှိ ကျောက်ဆည်မြို့ရှိ မြို့မစျေး နှင့် အေးမြကြည်လင်စျေးများတွင် ယခင်လတွင် ပန်းတိမ်ငိုပန်း ခရမ်းအရင့်ရောင်(၁၀)ပင်စီး တစ်စည်းလျှင် (၃၀၀၀-၃၅၀၀)ကျပ် ၊ အဖြူရောင်နှင့်ခရမ်းနုရောင်(၁၀)ပင်စီး တစ်စည်းလျှင်(၂၅၀၀-၂၈၀၀)ကျပ်၊ယခုလတွင် ပန်းတိမ်ငိုပန်း ခရမ်းအရင့်ရောင်(၁၀)ပင်စီး တစ်စည်းလျှင်(၂၅၀၀-၂၀၀၀)ကျပ်၊အဖြူရောင်နှင့်ခရမ်းနုရောင် (၁၀)ပင်စီး တစ်စည်းလျှင်(၂၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လကထက် ဈေးအနည်းငယ်ကျဆင်းပြီး ပန်းအမျိုးအစားပေါ် မူတည်၍ စျေးနှုန်းကွာခြားလျက်ရှိကြောင်း ၊  နေ့စဉ် အေးမြကြည်လင်စျေး နှင့် မြို့မစျေးများသို့ ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှုများပြားလာသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ပန်းရောင်းချသော ပန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)

 

ဘုရားပန်းများ အရောင်းအဝယ်သွက်

   သာစည်မြို့ရှိမြို့မဈေးသည် သာစည်မြို့၊အမှတ်(၄)ရပ်ကွက်တွင်ရှိပြီး နေ့စဉ် ဈေးသည်၊ ဈေးဝယ်များ နှင့်စည်ကားလျက်ရှိပါသည်။ မြို့မဈေးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ဘုရားပန်းစသည့် လက်လီဈေးသည် များမှာ ဈေးဝယ်များနှင့် နေ့စဉ်အရောင်းသွက်သည်ကို တွေ့ရသည်။

   ယခုအောက်တိုဘာလဆန်းတွင် မြို့မဈေးရှိ ဘုရားပန်းဆိုင်များတွင်ပန်းတိမ်မနိုင်၊ ကျောက်ဆည်သပြေ ငုတ်  ၊ ဂန္ဓမာ(အဖြူ/အဝါ/ပန်း/ခရမ်း) ပိုက်စွပ်နှင်းဆီပန်း ၊ရေမွှေးပန်းများ ရောင်းချကြောင်းသိရသည်။ ဈေးနှုန်းများအနေနဲ့ ပန်းတိမ်မနိုင်(၁၀ခက်စီး)တစ်စီး (၃၀၀၀)ကျပ်၊ ဂန္ဓမာ(အဖြူပွင့်အကြီး)တစ်စီး (၆၀၀၀)ကျပ်၊ အဝါပွင့်ကြီးတစ်စီး (၅၀၀၀)၊ပန်းခရမ်းရောင်အပွင့်သေး တစ်စီး(၄၀၀၀)၊ ကျောက်ဆည်သပြေငုတ်(သေး)ငါးငုတ်ပါ တစ်စီး(၂၀၀၀)ကျပ် သစ္စာပန်းအဖြူ (၅)ခက် စီးတစ်စီး (၄၀၀၀)ကျပ်၊ ပိုက်စွပ်နှင်းဆီ ရောင်စုံ (၁၀)ပွင့်စီး (၁)စီးလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ရေမွှေးပန်း(၁၀)ခက်ပါ (၁)စီးလျှင် (၇၀၀)ကျပ်၊ အရောင်းအဝယ် ဖြစ်နေပြီးစက်တင်ဘာလဆန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအနေနှင့် နေအိမ်၊ ဘုန်းကြီးကျောင်း မှာရှိတဲ့ ဘုရားပန်းကိုမညှိုးအောင် ကပ်လှူကြတဲ့အတွက် ဘုရားပန်းဈေးကွက်ကတော့ ရာသီမရွေးအရောင်းသွက်ကြောင်းသိရသည်။

DOCA(မန္တလေး)

“ချင်း(ဂျင်း) ဈေးနှုန်းဈေးကွက်”

              အေးမြကြည်လင်ဈေးနှင့်မြို့မဈေးတို့တွင် ရှမ်းပြည်နယ်၊ကလော၊အောင်ပန်း၊ရွာငံတို့ဘက်မှ ဂျင်းသစ်များဝင်ရောက် ရောင်းဝယ်လျက်ရှိကြောင်း၊ ဂျင်းတက် (အဟောင်း) တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ဂျင်းတက်(အသစ်)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ဂျင်းပေါက်(အနု) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဂျင်းပေါက်(အကြမ်း) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ချင်း(ဂျင်း)သည် ပူစပ်တဲ့အရသာရှိကြောင်း၊ အဆုတ်၊ အစာအိမ်၊ သရက်ရွက်တို့အတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်ကြောင်း၊ ချင်း(ဂျင်း)ကိုပြုတ်၍သောက်သုံးခြင်းဖြင့် ချွေးထွက်စေ ပြီး ခန္ဓာကိုယ်အနွေးဓာတ် ရစေနိုင်ကြောင်း၊ အအေးမိလို့ ချွဲသလိပ်ကျပ်နေရင် သလိပ်ကို ပျော်စေကြောင်း၊ အဆိပ် အတောက်တွေကိုပြယ်စေပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးကြောင့်ဖြစ်သည့် ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ နှာပိတ်၊ နှာရည်ယိုခြင်း ဖြစ်သူတွေ အတွက် ချင်းစိမ်း၊ ချင်းခြောက်ကို ဝါးစား၊ ပြုတ်သောက်ရုံနဲ့ သက်သာစေနိုင်ကြောင်း၊ ဂျင်းကပူရုံ၊စပ်ရုံ၊ဟင်း၏အနံ့ရသာကို ပြည့်စုံရုံတင် မဟုတ်ဘဲ၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ သကြားဓာတ်၊သံဓာတ်စသည်ဖြင့်အာဟာရ ဓာတ်တွေေလည်း ကြွယ်ဝ ကြောင်း၊ ဂျင်းစားသုံးခြင်းဖြင့် အစာကြေခြင်း၊ မအီအသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းစသည့် ရောဂါများသက်သာစေနိုင်ခြင်း စသည့် အကျိုးကျေးဇူး များရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

တိုးတက်လာသော တစ်ပိုင်တစ်နိုင် ငွေနှင်းမှိုစိုက်ပျိုးရေးကဏ္ဍ

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အိမ်တွင်းတစ်ပိုင်တစ်နိုင် ငွေနှင်းမှိုစိုက်ပျိုးရေး လုပ်ငန်းများသည် ယခုလများတွင် ပိုမိုတိုးတက်များပြားလာကြောင်း သိရှိရပါသည်။ လက်ရှိ ငွေနှင်းမှိုဈေးကွက်တွင် လက်ကားတစ်ပိဿာလျှင် (၉၀၀၀ ကျပ်မှ ၁၀၀၀၀ကျပ်) ထိရရှိပြီး လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်) ထိ ဈေးရရှိကြောင်း သိရှိရပါသည်။

          ငွေနှင်းမှိုပျိုးထုတ်များကို မြန်မာပြည်အနှံ့အပြားမှ မှာယူလျက်ရှိကြသော်လည်း အများအား ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မှာယူစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (မြောက်ပိုင်း)၊ လားရှိုးမြို့သို့အရောက် တစ်ထုပ်လျှင် (၁၅၀၀ ကျပ်မှ ၂၀၀၀ကျပ်ကြား) ကျသင့်ပြီး ဂရုတစ်စိုက် စနစ်တကျ ပြုစုစိုက်ပျိုးတတ်ပါက တစ်ထုပ်လျှင် (၆) ကြိမ်မှ (၈) ကြိမ်ထိ ခူးဆွတ်၍ ရနိုင်ကြောင်း သိရှိရပါသည်။

          ငွေနှင်းမှိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောကျစေခြင်း၊ သွေးတိုးကျစေခြင်း၊ သွေးတွင်းသကြားဓာတ်ပမာဏအားထိန်းညှိပေးနိုင်ခြင်း၊ ကိုယ်ခံအားမြင့်စေခြင်း၊ နှလုံးသွေးကြော များ အားကောင်းစေခြင်း၊ ဝမ်းမှန်စေခြင်းစသည့် အကျိုးအာနိသင်များ ရရှိနိုင်ပါသည်။ သို့သော် “ဆေးလည်းအစာ၊ အစာလည်းဆေး”ဖြစ်သောကြောင့် အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပြီး ရောဂါအခံရှိသူများနှင့် ဓာတ်မတည့်မှုဖြစ်တတ်သူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မှသာ စားသုံးသင့်ကြောင်း‌ သိရှိရပါသည်။

DOCA(ရှမ်း)

“တောင်ပေါ်ဒေသမှ ငရုတ်ပွတောင့်များဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်”

           ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ တောင်ပေါ်ဒေသမှ ငရုတ်ပွတောင့်များ ဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိပြီး ငရုတ်ပွတောင့်များသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှ စိုက်ပျိုးမှုနည်းပါးပြီး တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်၊ အောင်ပန်း၊ပင်းတယနှင့်ရွာငံရေဦး မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် ငရုတ်ပွတောင့် ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် (၇၀၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၉၀၀၀/-) ကျပ်ရှိကြောင်း၊ ယခု အောက်တိုဘာလ တတိယအပတ်တွင် ဈေးနှုန်းအနေဖြင့် လက်ကား တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀/-) ကျပ် ရှိပြီး ဈေးနှုန်းအနေဖြင့် အနည်းငယ်မြင့်တက်နေကြောင်း ကုန်စိမ်းပွဲရုံများထံမှ သိရှိရပါသည်။ ငရုတ်ပွတွင် ကယ်လိုရီဓာတ် ၊ ပရိုတင်း နှင့် အမျှင်ဓာတ်များ စွာပါဝင်ကြောင်း ၊ ငရုတ်ပွကို အစိမ်းကြော်ပဲ ကြော်ကြော် ၊ အသားလေးနဲ့ပဲနှပ်နှပ် ၊ အနံ့မွှေးပြီး စားလို့ကောင်းသော ကြောင့်ကြိုက်နှစ်သက်သူများပါကြောင်း ၊ ငရုတ်ပွစားသုံးခြင်းဖြင့် မျက်လုံးအားကောင်းစေခြင်း ၊ သွေးအားနည်း ရောဂါကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အသားအရည်လှပစေခြင်းနှင့် အစာခြေစနစ်ကောင်းမွန်စေခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိကြောင်း၊ငရုတ်ပွတောင့် အပါအဝင် ဟင်းသီးဟင်းရွက်များကို များများစားသုံးပေးခြင်းကြောင့် အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

 

“နဂါးမောက်သီးစျေးနှုန်းစျေးကွက်”

          မန္တ‌လေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်သည် စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး လယ်ယာထွက်သီးနှံများအပြင် ဥယျာဉ်ခြံ သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ ဥယျာဉ်ခြံသီးနှံများမှာ သရက်၊မာလကာ၊ သံပုရာနှင့်နဂါးမောက်သီးကိုအဓိကထားစိုက်ပျိုးကြပါသည်။ နဂါးမောက်သီးကို တောင်နောက် ကျေးရွာနှင့်သင်တောင်းကျေးရွာများတွင် စိုက်ပျိုးကြပါသည်။နဂါးမောက်သီးကို အဖြူသီးနှင့်အနီသီး  ဟူ၍(၂)မျိုးရှိပြီး အဖြူသီးမှာလူကြိုက်များကြောင်း၊ကျောက်ဆည်နယ်မှထွက်သော နဂါးမောက်သီး ကိုကျောက်ဆည်မြို့ရှိ မြို့မစျေး၊အေးမြကြည်လင်စျေးနှင့်သစ်သီးဆိုင်များသို့တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ အောက်တိုဘာလ ပထမပတ်တွင် နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင်(၁၅၀၀-၂၀၀၀) ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ပြီး  အောက်တိုဘာလ တတိယပတ်တွင်နဂါးမောက်သီးစျေးနှုန်းမှာ တစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ်စျေးနှုန်းများဖြင့် အလုံးအကြီး၊အသေးပေါ်မူတည်၍ စျေးနှုန်းကွာခြားကြောင်း ၊ စျေးကွက်အတွင်း နဂါးမောက်သီး အဝင်များလာသည့်အတွက် စျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း ကျောက်ဆည် မြို့ရှိသစ်သီးရောင်းချသည့်ဆိုင်များမှသိရှိရပါသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း