Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရမည်းသင်းမြို့နယ် ဆန်ဈေးကွက်

    ရမည်းသင်းမြို့နယ်တွင် ဩဂုတ်လဆန်း၌ အရောင်းအဝယ်ဖြစ်နေသော ဆန်များမှာ ဖျာပုံပေါ် ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်၊ မကွေးပဒေသာတစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ မနောသုခ တစ်အိတ်လျှင် (၆၅၀၀၀-၇၀၀၀၀) ကျပ်၊ ထိုင်းနှံကောက်တစ်အိတ်လျှင် (၅၀၀၀၀-၅၅၀၀၀) ကျပ် ဈေး ရှိပြီး၊ ယခင်လနှင့် နှိုင်းယှည်ပါက ဈေးငြိမ်နေပါသည်။ ဆန်ဈေးနှုန်းအနေဖြင့် ယခုအခါ နွေ ဆန်များ ထွက်ရှိလာပြီဖြစ်သော်လည်း ကြားဆန် ( မိုးဆန် ) များသာ အရောင်းအဝယ်ရှိပြီး အရောင်းအဝယ် ပုံမှန်ရှိသည့်အတွက် ဈေးငြိမ်နေခြင်းဖြစ်သည်။

 

DOCA (မန္တလေး)

ပခုက္ကူကြက်သွန်နီ ဩဂုတ်လ(ပထမပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံ ချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်လျက်ရှိပြီး ဥပုသ်နေမှလွဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီဈေးကွက်အနေဖြင် ယခု တစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ် ခဲ့သော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၃၅၀)၊ အလတ် ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ် (၈၀၀)ဖြစ်ပြီး ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၅၀) ခန့်ဈေးတက်၍  အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီ မြို့များသို့ နေ့စဉ်တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ်(၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀)မှ အနိမ့်ဈေး ကျပ်(၁၂၀၀)ထိ အရောင်းအဝယ် လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ဈေးကွက်အတွင်း ငရုတ်သီးခြောက်ဈေးနှုန်းများမြင့်တက်လျက်ရှိ

     မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ထနောင်းကိုင်း၊ ဇီးဖြူကန်၊ နှောကန်ကျေးရွာများတွင်အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း၊ ထွက်ရှိသော ငရုတ်သီးကိုဒေသတွင်း သာရောင်းချကြကြောင်း၊ ငရုတ်ခြောက်(ပွ)ကို ရှမ်းပြည်နယ် ၊ အောင်ပန်းမှ ဝင်ရောက်ပြီး ဒေသတွင်းအရောင်တင်အမှုန့်ကြိတ်လုပ်ငန်းများမှအသုံးများကြောင်း သိရှိ ရပါသည်။

          ယခုဩဂုတ်လ၊ပထမပတ်တွင် ငရုတ်ခြေက်(ရှည်)တစ်ပိဿလျှင် (၁၄၀၀၀)ကျပ်၊ငရုတ်ခြေက် (ပွ)တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ယခုလနှင့်ကာလ တူနှိုင်းယှဉ်လျှင် ငရုတ်(ရှည်)ခြောက်တစ်ပိဿလျှင်(၁၀၀၀)ကျပ်၊ ငရုတ်ခြောက်(ပွ)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းအထွက် နည်းခြင်းနှင့် သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဈေးကွက်မှသိရပါသည်။

DOCA (မန္တလေး)

အောင်လံကုန်စည်ဒိုင်၏ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)အတွင်း  ပဲတီစိမ်းသီးနှံ ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်းသီးနှံများ နေ့စဉ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သီးနှံ အသစ် များ ဝင်ရောက်လျက်ရှိပြီး သီးနှံအရည်အသွေးအလိုက် ပဲတီစိမ်း(၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၀၆၀၀၀)အထိဈေးနှုန်းရှိပြီး ယခင် ဇူလိုင်လ(စတုတ္ထပတ်)တွင် အနိမ့်ဈေး ကျပ်(၉၀၀၀၀)၊ အမြင့်ဈေး ကျပ်(၁၁၅၀၀၀)ဈေးနှုန်းရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ် (၉၀၀၀မှ ၁၅၀၀၀)ထိ ဈေးနှုန်းကျဆင်းလာကြောင်း၊ တစ်ပတ်အတွင်း စုစုပေါင်းတင်းရေ (၅၅၅၀)တင်း၊ တန်ချိန်အနေဖြင့် (၁၈၂)တန်ခန့် အရောင်းအဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့တင်ပို့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။

DOCA(မကွေး)

 

သရက်မြို့၏ ရုံးပတီသီးဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် အတွင်းရှိ ကျောက်အိုင်၊ ရွာသစ်ကျေးရွာ၊ မီးသွေးဖုတ်ကျေးရွာနှင့် ကံသာစုကျေးရွာတို့မှထွက်ရှိသည့် ရုံးပတီသီးများ သရက်မြို့နယ်၌ လူကြိုက်များလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ရုံးပတီသီး (၄)တောင့်လျှင် ကျပ် (၁၀၀)ဖြင့်ရောင်းချပြီး အတောင့်(၁၀၀)ဈေးနှုန်းမှာ ကျပ်(၂၀၀၀)ဖြင့် ရောင်းချ လျက်ရှိပါသည်။

   ရုံးပတီသီးမှာ အမြင်အာရုံနှင့်အ‌‌ရေပြားကျန်းမာရေးအတွက် အထောက်ပံ့ပေးသော ဗီတာမင် ဒီနှင့် အခြားဓါတ်တိုး ဆန့်ကျင်ပစ္စည်းများလည်း ကြွယ်ဝစွာပါဝင်ပါသည်။ ရုံးပတီသီးကို ကြော်၍သော် လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း မိမိကြိုက်နှစ်သက်သလို အမျိုးမျိုးစားသုံးကြပြီး သရေ စာအဖြစ် ရုံးပတီသီးကို‌ အကင်လုပ်၍လည်း စားသုံးကြသည်။ နေ့စဥ် ရုံးပတီသီးကို ရေနွေးစိမ်၍ သောက် ပါက ရိုးတွင်းချဥ်ဆီဓါတ် အားကောင်းလာပြီး ခါးနာသူ၊ ဒူးနာသူများ သက်သာစေပါသည်။  ရုံးပတီသီးမှာ အမျှင်ဓါတ်များစွာပါဝင်နေပြီး အသည်းရောဂါမဝင်အောင် ကာကွယ်ပေးနိုင်ပါသည်။ လူတို့အတွက် အစာအာဟာရနှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် သီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခုအချိန်အခါသည် ရုံးပတီသီးလှိုင်လှိုင်ထွက်ရှိနေပြီး အရောင်းအဝယ်ကောင်းလျက်ရှိ ကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA(မကွေး)

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီ‌ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၄၀၀-၁၅၀၀)ဖြစ်ပြီး ဇူလိုင်လ (စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၈၀၀-၁၃၀၀-၁၄၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀) မြင့်တက်လာကြောင်း သိရသည်။ ကြက်သွန်နီကို စကု၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ တို့မှဝယ်ယူပြီး ပွဲရုံမှတစ်ဆင့် မင်းလှ၊ သစ်ရာကောက်၊ မြင်ကွန်း၊ နတ်မောက်မြို့တို့မှပြန်လည်ဝယ်ယူကြကြောင်း၊ တစ်ပတ်လျှင် တန်ချိန် (၁၃)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ရေနံချောင်းဈေးကွက်အတွင်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၈၀၀-၁၂၀၀-၁၄၀၀)ဖြစ်ပြီး  ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ကြက်သွန်နီကို ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်မြို့သို့ တင်ပို့ပြီး တစ်ပတ်လျှင် တန်ချိန်(၅၈)တန်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

     မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံ များဖြစ်သော ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ ငရုတ်သီးနှံများ စိုက်ပျိုးကြရာ ကံကြီး၊လယ်ကြီး၊သိမ်ကုန်း၊ ချောင်းဆုံ စသည့်ကျေးရွာများမှ ခရမ်းချဉ်သီးကို အများဆုံးစိုက်ပျိုးကြပါသည်။

    ဈေးကွက်အတွင်း ဒေသမျိုးခရမ်းချဉ်(ဗမာ)သီးနှင့် ရှမ်းသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ရှမ်းသီးကို ရှမ်းပြည်နယ်၊အောင်ပန်းမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်အတွင်း 

   ဗမာသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ရှမ်းသီး(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဗမာသီး(၁)ပိဿာလျှင် (၅၀၀)ကျပ်၊ရှမ်းသီး(၁) ပိဿာလျှင် (၅၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အောင်ပန်းဘက်မှအဝင်များခြင်း၊ ဒေသမှပိုမိုထွက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဈေးကွက်မှသိရသည်။ 

DOCA (မန္တလေး)

ရမည်းသင်းမြို့နယ်၏ တိုဟူးလုပ်ငန်း

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးစန်းအောင်သည် ၅ ရက်၊ ၁၀ အချိန်တွင်ရမည်းသင်းမြို့၊ဦးစိုးတိုဟူးလုပ်ငန်းအား သွားရောက်ကွင်း ဆင်းလေ့လာခဲ့ပါသည်။     

          ရမည်းသင်းမြို့နယ်တွင် တိုဟူးလုပ်ငန်းလုပ်ကိုင်သူ(၁၀)ဦးခန့်ရှိကြောင်း၊ တိုဟူးလုပ်ရန်အတွက် ကုန်ကြမ်းဖြစ်သော ကုလားပဲခြမ်း၊ပဲစိမ်းမှုန့်၊ဆားများကိုအသုံးပြုရကြောင်း၊ ကုလားပဲခြမ်း(၁)ပိဿလျှင် ၆၅၀၀ ကျပ်၊ပဲစိမ်းမှုန့်(၁)ပိဿာ၇၂၀၀ ကျပ်၊ဆား(၁)ပိဿာလျှင် ၁၈၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်း သိရှိရပါသည်။တိုဟူးပြလုပ်ရန် ပထမဦးစွာ ကုလားပဲကို(၄)နာရီခန့်ရေစိမ်ရပါမည်၊ ရေစိပ်ပြီးပဲများကို ကြိတ်ဆုံနှင့်ကြိတ်ပြီးတာနဲ့ရေနှင့်ရော၍မွှေရပါမည်၊ ပြီးတာနှင့်ရေစစ်ဖြင့်စစ်ရပါမည်၊ နာရီဝက်ခန့်ထား ပြီး အကြည်ရေသွန်ရပါမယ်၊ ထို့နောက် ပဲစိမ်းမှုန့်၊ဆားထည့်၍(၄၀)မိနစ်ခန့်ကျိုပြီးလျှင် တိုဟူးအနှစ် အဖြစ်ရရှိမှာဖြစ်ပါတယ်၊ တိုဟူးအနှစ်များကို အအေးခံပြီးတာနဲ့ စားသုံးလို့ရသည့်တိုဟူးအဆင့်အထိ ရောက်ရှိသွားမည်ဖြစ်ပါသည်။(၁)ရက်ထုတ်လုပ်နိုင်သော ကုလားပဲခြမ်း(၃၀)ပိဿာ၊ပဲစိမ်းမှုန့််(၁) ပိဿာ နှင့် ဆား(၅၀)ကျပ်သားရှိသော ကုန်ကြမ်းကိုထုတ်လုပ်လျှင် ကုန်ချော(၇၀) ပိဿာထွက်ရှိသည်ဟု သိရှိရပါသည်။

          တိုဟူး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ လုပ်သား(၃)ဦးဖြင့်လုပ်ကိုင် လျက်ရှိကြောင်း၊ (၁)ရက်ကုန်ကျစရိတ်မှ (၂၅၀၀၀၀)ခန့်ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့်(၃၀၀၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။တိုဟူများကို ရမည်းသင်း/ပျော်ဘွယ်နှင့် တပ်ကုန်းမြို့များမှ လာရောက် ဝယ်ယူကြကြောင်း သိရှိရပါသည်။                                                                                                                                               DOCA (မန္တလေး)

မိတ္ထီလာမြို့နယ်၏ နွေစပါးစိုက်ပျိုးရိတ်သိမ်းမှု

     မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်စိုက်ပျိုးရာ ရာသီအထွက်နွေစပါး(၇၀၈)ဧက စိုက်ပျိုးခဲ့ရာ ဇူလိုင်လကုန်အထိ (၃၇၀)ဧကရိတ်သိမ်းပြီးအထွက်နှုန်းအနေဖြင့် တစ်ဧက(၈၈.၅၀)တင်းထွက်ရှိကြောင်း သိရသည်။     

          နွေစပါးကို မိတ္ထီမြို့နယ်တွင် မိတ္ထီလာကန်ရေရရှိသော လယ်မြေများ၌ (၄၂၉)ဧက၊ မုန်တိုင်ဆည် ရေပေးရေးလယ်မြေများတွင် (၂၀၄)ဧက၊ ချောင်းကောက်ဆည်ရေပေးလယ်မြေများတွင် (၆၃)ဧက၊စုစု ပေါင်း(၇၀၈)ဧက စိုက်ပျိုးခဲ့ရာ ဘောင်ပျိုးစနစ်ဖြင့်(၆၅)ဧက၊ ပျိုးစိုက်စနစ်ဖြင့်(၅၆၀)ဧက ၊အစေ့ချစနစ် ဖြင့် စိုက်ဧက(၈၃)ဧကစိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ဘောင်ပျိုးစနစ်မှာ(၉၃.၂၄) တင်းဖြင့် အများဆုံးထွက်ရှိကြောင်း သိရပါသည်။

          နွေစပါးမှာ ဆည်ရေကန်ရေရရှိသော လယ်မြေများတွင်စိုက်ပျိုးရသဖြင့် သက်နုစပါးများကို စိုက်ပျိုးရာ ယခုနှစ်တစ်ဧကကုန်ကျစရိတ်မှာ (၆၅၀၀၀၀)ခန့်ကုန်ကျပြီး စပါးဈေးနှုန်းမှာ တစ်တင်းလျှင် (၁၅၅၀၀/၁၆၀၀၀)ဈေးရှိသည့်အတွက် တောင်သူများထိုက်သင့်သည့် အကျိုးအမြတ်ရရှိကြောင်း တောင်သူများထံမှ သိရပါသည်။               

    DOCA (မန္တလေး)

 

ကျိုင်းတုံမြို့ မိုးစပါးစိုက်ပျိုးမှုအခြေအနေ

     ကျိုင်းတုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးရန် ဆန်ဖူလုံပိုလျှံစေရန်အတွက် ကျိုင်းတုံမြို့နယ်တွင် မိုးစပါး၊ လယ် လျာထား (၄၃၂၁၉) ဧက၊ ယာ လျာထား (၂၈၉၂) ဧက၊ တောင်ယာ လျာထား (၁၅၉၁) ဧက စုစုပေါင်း လျာထား (၄၇၇၀၂) ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ယင်းလျာထားမှုဧကများတွင် ယနေ့ထိ စိုက်ပျိုးပြီးစီးမှုမှာ လယ် (၄၁၃၃၇) ဧက၊ ယာ (၂၈၉၂) ဧက၊ တောင်ယာ (၁၅၉၁) ဧက၊ စုစု‌ပေါင်း (၄၅၈၂၀) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရှိရပါသည်။

          ကျိုင်းတုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးရေးစနစ်ဖြင့် ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်း ဒေသမျိုးများဖြစ်သော ဆင်းဧကရီ(၃)၊ ရွှေရင်အေးမျိုးများကို အဓိကထားစိုက်ပျိုးပြီး ငစိန်ကောက်ညှင်းစပါးကို အနည်းငယ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧကအထွက်နှုန်း တိုးတက်စေရန် မျိုးကောင်း၊ မျိုးသန့်ထုတ်လုပ်သုံးစွဲရေးအတွက် သွင်းအားစုများ စနစ်တကျ ထည့်သွင်းပါက တစ်ဧကလျှင် ကျပ်(၁၀)သိန်းခန့် ကုန်ကျပြီး မိုးစပါးအထွက်နှုန်း ခန့်မှန်းတင်းမှာ လယ် (၇၈) တင်း၊ ယာ (၆၅) တင်း၊ တောင်ယာ (၅၅) တင်း ထွက်ရှိကြောင်း လယ်လုပ်တောင်သူကြီးများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း