လူ့ယဥ်ကျေးမှု အစ အိုးလုပ်ခြင်းကဟု ဆိုနိုင်သည်။ လူတို့သည် မြေမီးဖုတ်အိုးများကို ပြုလုပ် ရင်း လူ့ယဥ်ကျေးမှု ကိုတည်ထောင်ခဲ့ကြသည်။ အစောဆုံး လူ့အသုံးအဆောင်ပစ္စည်းသည် မြေမီးဖုတ် အိုးများဖြစ်ပြီး ယင်းတို့ကို မျက်မှောက်ကာလ ၂၁ရာစုတိုင် မြေအိုးများကို နေရာအနှံ့အပြား၌ တွင် ကျယ်စွာ သုံးစွဲနေကြဆဲဖြစ်သည်။ မြေအိုးများကို ကျောက်ခေတ်ကာလကပင် စတင်သုံးစွဲ ခဲ့ကြသည်။ မီးကို တွေ့ရှိခြင်း၊ အိုးကိုအသုံးပြုခြင်း၊ အသားစိမ်း ငါးစိမ်းများကို မီးနှင့်ချက်ပြုတ်စား သောက်ခြင်း စသောကိစ္စများသည် ရှေးဦးလူသားတို့ မရှေးမနှောင်း ဆောင်ရွက်ခဲ့ကြသောကိစ္စများ ဖြစ်သည်။ ရှေးဦးလူသားတို့သည် မြေစေးကို ပထမ ပုံစံအမျိုးမျိုးပြောင်းလဲ၍ရသော ပစ္စည်းအဖြစ် မြင်ကြမည်ဖြစ်သည်။ မြေးစေးသည် ရေနှင့်ထိကပျော့သည်။ နေပူလျှင်မာသည်။ ရေနှင့်များများထိ လျှင် အရည်ပျော်တတ်သည်ကို သတိထားမိကြ၍ မာနေသော မြေကြီးခဲများနှင့် တိရစ္ဆာန်များ ပစ် ပေါက်ဖမ်းယူမှုများလည်း ပြုကောင်းပြုကြမည်ဖြစ်သည်။
မြေစေး၏သဘောသဘာဝကို သိရှိမှုနှင့် မီးကို တွေ့ရှိမှုသည် အိုးပြုလုပ်သုံးစွဲရန် အလွန်ခိုင်မာ သော အခြေခံအကြောင်းတရားများဖြစ်သည်။ မြေစေးကို အိုးခွက်ပန်းကန်သဏ္ဌာန်ပြုလုပ်၍ အသုံး ပြုရာတွင် ကွဲလွယ်ခြင်း၊ ရေထည့်၍ မရခြင်းတို့ရှိရာမှ မြေကြီးကို ခွက်သဏ္ဌာန် အိုးသဏ္ဌာန်ပြုလုပ် ၍ မီးဖုတ်ပါက တာရှည်ခံခြင်း၊ ရေထည့်၍ရခြင်း၊ အသုံးဝင်ခြင်းတို့ကြောင့် လူတို့သည် အိုးကို စတင် တီထွှင်လုပ်ကိုင်ခဲ့ကြသည်။ အရှေ့တောင်အာရှတွင် အိုးကို လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝဝဝ လောက် က စတင်သုံးစွဲခဲ့ကြသည်ဟု ပညာရှင်များကယူဆကြသည်။
မြေအိုးသည် လူသားတို့အတွက် အမှန်တကယ် ယနေ့ထိအသုံးဝင်လျက်ရှိသည်။ ကမ္ဘာပေါ် တွင် ကြေးအိုး၊ သတ္တုအိုး၊ ရွှေအိုး၊ ဒန်အိုး၊ စတီးအိုးများ ပေါ်လျက်ရှိသည်တိုင် မြေမီးဖုတ်အိုးများ၊ စဥ့်အိုးများသည် ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်လျက်ပင်ရှိသည်။ ယနေ့ထက်တိုင် လူတို့သည် မြေမီး ဖုတ်အိုးမျိုးစုံကို ဘာသာရေး၊ လူမှုရေးကိစ္စ၊ နေ့စဉ်စားသုံးမှုကိစ္စတို့နှင့် ယုံကြည်မှုအခမ်းအနားများ တွင် မွေးသည်မှ သေသည်အထိ အသုံးပြုလျက်ရှိသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ တန်ခူးလ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သောက်ရေအိုး အသစ်ဖြင့် ဗုဒ္ဓဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ သောက်ရေအိုးအသစ်များလဲလှယ်ခြင်း၊ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်သည့်နေရာတွင် ၂၄ပစ္စည်းပဌာန်းကို ရည်ရွယ်၍ အိုးများတွင် ပဌာန်း အကျဥ်းရေး၍ ၂၄လုံးလှူဒါန်းခြင်း၊ ဗုဒ္ဓဘုရားရှင်အမှီပြု ပွင့်တော်မူသည့် ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့တွင် အိုးသစ်များဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခြင်းတို့ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့က နှစ်စဥ်အမြဲ ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာအိုးလုပ်ငန်းကို မိရိုးဖလာအိမ်တွင်းမှုလုပ်ငန်းအဖြစ်အစဉ်အဆက်ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသအလိုက် နာမည်ကျော်ကြားသော အိုးလုပ်ငန်းများမှာ နဘက်အိုး (မြောင်မြို့နယ်)၊ တန့်ဆည်အိုး၊ မင်းကင်းအိုး၊ မြင်းဒေါင်းအိုး(ခင်ဦးမြို့နယ်)၊ ရှိန်းမကာအိုး (ဝက်လက်မြို့နယ်)၊ စစ်ကိုင်းအိုး တို့သည် ယခုအချိန်ထိ မိမိတို့၏ဒေသအလိုက် နှစ်စဉ်ဈေးကွက် ဝင်၍ ရောင်းချလျက်ရှိသော တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ (ကျေးရွာတစ်ရွာ၊ ထုတ်ကုန် တစ်မျိုး) ဖြစ်ပါသည်။ ယင်းတို့အနက် စစ်ကိုင်းမြို့၏ အိုးလုပ်ငန်းကို တင်ပြလိုပါသည်။
စစ်ကိုင်းမြို့ အိုးလုပ်ငန်း
စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်၌ အိုးလုပ်ငန်းလုပ်ကိုင်သူများသည် အိုးဘိုလမ်းနှင့် မန္တလေး-မုံရွာလမ်း တစ်ဖက်တစ်ချက်စီတွင် အိုးရောင်းဝယ်ရေးဆိုင်(၂၀)ကျော်ရှိပြီး ကလေးကစားစရာ အိုးဖုတ်၊ ဂျိုးရုပ်များမှ အစ သောက်ရေအိုး၊ ပန်းအိုး၊ ဟင်းချက်မြေအိုး အမျိုးမျိုးရောင်းချလျက်ရှိပါ သည်။ ပြာသိုလတွင် ပြုလုပ်သောအိုးများသည် အခြားလများတွင် ပြုလုပ်သောအိုးများထက် ပို၍အေးမြသောကြောင့် စစ်ကိုင်းပြာသိုအိုးသည် နံမည်ကျော်ကြားပါသည်။ စစ်ကိုင်းမြို့တွင်လက်ရှိ အရောင်းအဝယ်ပြုလုပ်သည့် အိုး တစ်လုံးဈေးနှုန်းများမှာ သောက်ရေအိုး ၁၅ဝဝိ/-မှ ၂ဝဝဝိ/-၊ ဂေါက်ပါ သောက်ရေအိုး ၅ဝဝဝိ/-၊ ၉ဝဝဝိ/-၊ ၁၂ဝဝဝိ/-၊ ဘုရားပန်းအိုးနှင့် သစ်ပင်စိုက်ပန်းအိုးသည် ၂ဝဝဝိ/-မှ၃ဝဝဝိ/-၊ ဟင်းချက်အိုး ၁၅ဝဝိ/-မှ ၁၇ဝဝိ/-၊ စသည့်ဈေးနှုန်းအသီးသီးဖြင့် လက်လီ/ လက်ကား ရောင်းချလျက်ရှိပါသည်။ စစ်ကိုင်းမြို့ကထွက်ရှိသော သောက်ရေအိုးများကို မန္တလေး၊ မုံရွာ၊ လားရှိုး၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း စသည့်မြို့များမှ ကုန်သည်များက လာရောက်ဝယ် ယူပြီး စစ်ကိုင်းပြာသိုအိုး နာမည်တံဆိပ်ဖြင့် ရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ တောင်ကလာမှ မိုး ဟု မြန်မာ့ဆိုရိုးစကားရှိပါ သည်။ စစ်ကိုင်းမြို့မှထွက်သည့် အိုးများကတော့ ဒေါင်ဒေါင်မြည်ဆဲ၊ ဒေသအသီးသီးတို့တွင်ဈေးကွက် ဝင်ဆဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)