Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချောက်မြို့နယ်အတွင်းကျေးရွာရှိ ဆီးဆံ ထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းလေ့လာခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့်အဖွဲ့သည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးပြီး ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် (၂၅.၃.၂၀၂၂) နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချောက်မြို့နယ်၊ ဂွေးပင်ကြီးအုပ်စု၊ ဂွေးပင်လေးကျေးရွာသို့ သွားရောက်၍ ဆီးဆံကြိတ်ခွဲထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ဆီးခွဲစက်ပိုင်ရှင် ဦးကျော်အေးနှင့်တွေ့ဆုံမေးမြန်းရာတွင် ချောက်မြို့နယ်တွင် ဇီးခွဲစက်ပေါင်း (၆၂)လုံးရှိပြီး ဂွေးပင်ရွာ(၁၅)လုံး၊ ဆင်ကကျေးရွာ(၄၂)လုံး၊ ကြို့ပင်ရွာ(၁)လုံး၊ စလေ(၁)လုံး၊ ဂွေးပင်လေးရွာ(၁)လုံး၊ ပြရွာ(၁)လုံးနှင့် ကတောက်‌ချောင်းရွာ(၁)လုံးတို့ရှိပါကြောင်း၊ ယခင်နှစ်က ဆီးသီးအစို (၁၆)ပြည် တစ်တင်းကို(၁၁၀ဝိ/-)ခန့်၊ ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို (၁၆၀ဝိ/-)နှုန်းခန့်သာ ဝယ်ယူခဲ့ရသော်လည်း ယခုနှစ်တွင် ဆီးသီးအစို (၁၆)ပြည် တစ်တင်းကို (၄၀၀ဝိ/-)နှင့် ဆီးသီးအခြောက် (၁၆)ပြည် တစ်တင်းကို(၅၀၀ဝိ/-)ပေးဝယ်ရပါကြောင်း၊ ဆီးသီး အခြောက် (၁၆)ပြည် တစ်တင်းကိုကြိတ်ခွဲပါက ဆီးဆံ(၂၀/၂၅)ကျပ်သားခန့် ရရှိပါကြောင်း၊ ယခင်နှစ်က ဆီးဆံ(၁)ပိဿာ (၁၅၀၀ဝိ/-)အမြင့်ဆုံးရရှိခဲ့ပြီး ယခုနှစ်တွင် ဆီးဆံ(၁)ပိဿာ (၂၄၀၀ဝိ/၂၅၀၀ဝိ/-)နှုန်းဖြင့် မန္တလေးမြို့သို့ တင်ပို့ရပါကြောင်း ဆီးခွဲခြမ်းတစ်တင်းကို (၃၀ဝိ/-)နှုန်း ဖြင့် ပဲကြော်ဖိုများနှင့် ပုန်းရည်ကြီးဖိုများသို့ ရောင်းချရပါကြောင်း၊ ဆီးသီးပင်သည် ကျေးရွာများ၏ လယ်ယာခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ပျိုးထားရာမှ တောင်သူများအတွက် နှစ်စဉ်ဝင်ငွေရရှိနေပါ ကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံအလယ်ပိုင်း မိမိတို့ဒေသတွင် မိုးများပြီး အပွင့်များ ကြွေသဖြင့် ဆီးသီးအထွက်နှုန်း နည်းသော်လည်း ဆီးသီးရောင်းချရသည့်စျေးနှုန်းမှာ ယခင်နှစ်ထက်ပိုမိုရရှိ သဖြင့် တောင်သူများအတွက် အပိုဝင်ငွေတိုးသလို ဆီးခွဲစက်ပိုင်ရှင်များအနေဖြင့်လည်း ဆီးဆံ(၁) ပိဿာစျေးမှာ ယခင်နှစ်က(၁၅၀၀ဝိ/-)သာရပြီး ယခုနှစ်တွင် (၂၄၀၀ဝိ/၂၅၀၀ဝိ/-) ရရှိသဖြင့် တွက်ခြေကိုက်ပါကြောင်း လေ့လာသိရှိရပါသည်။

သရက်မြို့နယ်ရှိ ဆီးသီးအစို/အခြောက်အဝယ်ဒိုင်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး ပူးပြင်းခြောက်သွေ့သော ဒေသဖြစ်၍ အပူပိုင်းသီးနှံများဖြစ်ပြီး ထနောင်း၊ ဆီးသီး၊ မန်ကျီးစသည့် သစ်ပင်ကြီးများ အလေ့ကျ ပေါက်ရောက်လျှက်ရှိရာ ယာခင်းခရိုးများတွင် အလေ့ကျပေါက်သော ဆီးပင်များနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးထားသည့် ဆီးပင်များမှ တောင်သူများအတွက် တဖက်တစ်လမ်းမှ ဝင်ငွေများဖန်တီး ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သောအဖွဲ့သည် (၂၅.၃.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ သရက်-မင်းတုန်းလမ်းဘေးရှိ ဆီးသီးအစို၊ အခြောက် အဝယ်ဒိုင်သို့ သွားရောက်၍ ဆီးသီးအစို၊အခြောက်ဝယ်ယူရရှိမှု၊ ပြန်လည်ရောင်းချမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် တင်ပို့မှုအခြေအနေများ အား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ပါသည်။

           ဆီးသီးအဝယ်ဒိုင် ဦးကစ်စနား၏ ပြောကြားချက်အရ သရက်မြို့နယ်တွင် ဆီးသီးအဝယ်ဒိုင် (၂)ဒိုင်ရှိကြောင်း၊ မိမိအဝယ်ဒိုင်တွင် ဆီးသီးအခွံချွတ်စက် (၁)လုံးနှင့် ဆီးဆံခွဲစက်(၁)လုံးရှိကြောင်း၊  လုပ်သားအမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးနှင့် မိသားစုဝင်(၅)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လျှက်ရှိကြောင်း၊ အမျိုးသားတစ်ဦးလျှင် တနေ့လုပ်သားခ (၇၀၀ဝိ/-) နှုန်းပေးရကြောင်း၊ အမျိုးသမီး များမှာ ဆီးသီးခွဲခြမ်းများ ကိုဇကာချရပြီး (၁)ပိဿာလျှင် ၃၅ဝိ/-နှုန်းဖြင့်ပေးချေရကြောင်း၊ တနေ့လျှင် (၂၀-၃၀)ပိဿာခန့်ဆောင်ရွက်နိုင်သည့်အတွက် (၇၀၀၀မှ၁၀၀၀၀) ကြားဝင်ငွေရှိပါကြောင်း၊ ဆီးသီးအစို၊ အခြောက်များကို နှစ်စဉ်ဇန်နဝါရီလမှစတင်ပြီး ဧပြီလပထမပတ်လောက်ထိ ဝယ်ယူရရှိကြောင်း၊ သရက်မြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်များမှလာရောက်ရောင်းချကြောင်း၊ ဆီးသီးအစိုများ အား (၇)ရက်ခန့်ခြောက်အောင်နေလှန်းရကြောင်း၊ နေလှန်းပြီးဆီးသီးခြောက်များအား ရေနှင့်ရော၍ အခွံချွတ်စက်ဖြင့် ကြိတ်ခွဲရာတစ်နေ့  ကြိတ်အားတင်း(၁၀၀၀)ခန့်ကြိတ်ခွဲနိုင်ကြောင်း၊ ဆီးသီးကြိတ်ဖတ် များကို စပါးခင်း၊ ကြက်သွန်ခင်းများတွင် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုရန်အတွက် တောင်သူ များမှလာရောက်ဝယ်ယူကြောင်း၊ ဆီးသီးအစိုဖတ်(၁)တင်းလျှင်(၂၀ဝိ/-)ဖြင့် ရောင်းချရကြောင်း၊ ဓါတ်မြေဩဇာဈေးကြီးမြင့်သည့်အတွက် ထွက်သမျှအကုန်ရောင်းချရကြောင်း၊ ဆီးသီးခြောက်(၅)တင်း ကြိတ်ခွဲလျှင် ဆီးသီးအစေ့(၁)တင်းရရှိကြောင်း၊ ဆီးဆံရရှိရန်အခွံချွတ်ပြီးသား ဆီးစေ့(၁)တင်းအား ကြိတ်ခွဲရာတွင် အဆံ(၁)ပိဿာခန့်ထွက်ရှိပြီး ဆီးဆံ(၁)ပိဿာဈေးနှုန်းကို(၂၃၀၀ဝိ/-)ခန့်ဖြင့် ရောင်းချ ရပါကြောင်း၊ ဈေးကွက်အနေဖြင့် ဆီးဆံများကို မန္တလေး၊ မူဆယ်မြို့များသို့ တင်ပို့ရပါကြောင်း၊ ဆီးခွဲကြမ်း(၁)ပိဿာကို (၆၅)ကျပ်နှုန်းဖြင့် မလိုင်လုံးလုပ်ငန်း၊ ပဲကြော်၊ ပဲလှော်ဖိုများမှ လာရောက် ဝယ်ယူကြောင်း၊ ဆီးသီးအစေ့အခြောက်(၁)တင်းလျှင် ဆီးခွဲကြမ်း(၇)ပိဿာခန့်ထွက်ရှိကြောင်း၊ ဆီးသီးခြောက် ဆီးဆံခွဲစက်မရှိသောအဝယ်ဒိုင်မှလည်း ဆီးစေ့များကို အောင်လံမြို့သို့ တင်ပို့ရောင်းချရာ ဆီးသီးအစေ့ (၁)တင်းကို (၂၂၅၀ဝိ/-)ရရှိကြောင်း၊ အဝယ်ဒိုင်မှ ဆီးသီးအစို/အခြောက်များကို သီးသန့်မခွဲခြားဘဲ ရောနှောဝယ်ယူလျှက်ရှိရာ ယခင်နှစ်က ဆီးသီးတင်း(၃)သိန်း ကျော်ခန့်ဝယ်ယူရရှိ သော်လည်း ယခုနှစ်တွင်ရာသီဥတုအခြေအနေကြောင့် ဆီးသီးတင်း(၁)သိန်းခွဲခန့်သာ ဝယ်ယူရရှိကြောင်း၊  ယခင်နှစ် ဆီးသီးအစို/အခြောက်(၁)တင်း (၁၈၀ဝိ/-၂၀၀ဝိ/-)ခန့်ဖြင့် ဝယ်ခဲ့ရသော်လည်း ယခုနှစ်တွင် စတင်ထွက်ရှိသည့် ဇန်နဝါရီလမှစ၍ အစို/အခြောက်(၁)တင်းလျှင်(၂၈၀ဝိ/-၃၀၀ဝိ/-)ဖြင့်စတင် ဝယ်ယူ ခဲ့ပြီး ယခုလက်ရှိဈေးနှုန်းမှာ (၃၅၀ဝိ/-၄၀၀ဝိ/-)ပေးဝယ်ရပါကြောင်း၊ ယခုနှစ်ဝယ်ယူရရှိသော ဆီးသီး များမှာ အရွယ်အစားသေးငယ်ပြီး အဆံအထွက်နှုန်းနည်းကြောင်း၊ ဆီးသီးအထွက်အနေဖြင့် ယခင်နှစ်ကထက်နည်းသော်လည်း  ဆီးသီးဈေးနှုန်းမှာ ယခင်နှစ်ကထက်ဈေးကောင်း၍ တောင်သူများ အနေဖြင့် လည်းဝင်ငွေပိုမိုရရှိကြောင်း လေ့လာသိရှိရပါသည်။

 

ရေတာရှည်မြို့နယ်အတွင်း သက်သောသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချ

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ၊  ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၀ ရက်နေ့က ရေတာရှည်မြို့နယ်အတွင်း သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချနေမှုကို ကြပ်မတ် စစ်ဆေးခဲ့ပါသည်။

              မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တောင်ငူခရိုင်အတွက် ရောင်းချ ပေးသော စားသုံးဆီများအနက်မှ ရေတာရှည်မြို့နယ်အတွက် ပိဿာ ၂၂၀၀ ကို ရေတာရှည်မြို့ အမှတ်(၂) ရပ်ကွက်ရှိ ဦးမျိုးဝင်းအောင် ကုန်စုံဆိုင်နှင့် ရေနီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးအောင်သူ ကုန်စုံဆိုင်များတွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

              ခရိုင်ဦးစီးမှူးက ရောင်းချနေသော စားသုံးဆီများ၏ အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ မတ်လ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၃၅၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၄၂၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၁၅၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၄၁၅၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၁၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ဂျုံဖြူသန့်တစ်တင်း ကျပ် ၃၄၀၀၀၊ ဂျုံနီ တစ်တင်းကျပ် ၃၁၀၀၀၊  ပဲကြီး(သစ်) တစ်တင်း ကျပ် ၅၃၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်းကျပ် ၄၁၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၁၅၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၄၇၇၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၆၀၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၅၅၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၈၃၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းကျပ် ၅၃၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၅၇၀၀၀-၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၄၈၀၀၀-၅၈၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၃၇၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၃၈၀၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၅၄၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၁၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၉၅၀ ဈေးနှုန်းအသီးသီး ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများမှာ အနည်းငယ်ဈေးကျ နေပြီး၊ ဆီထွက်သီးနှံ ဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာလည်း ပုံမှန် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့က တစ်ပိုင်တစ်နိုင် ဝါးခမောက်လုပ်ငန်းအားကွင်းဆင်းစစ်ဆေး

                   တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော်လည်း တစ်ဖက်တစ်လမ်းတွင် အပိုဝင်ငွေရရှိရန်အတွက် တပိုင်တနိုင်ဝါးခမောက် လုပ်ငန်းအား လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

              ဝါးခမောက်ပြုလုပ်ရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှ အများဆုံးမှာယူရပါသည်။ မိသားစု (၃)ယောက် ဝိုင်းဝန်းလုပ်ကိုင်ပါက တစ်နေ့လျှင် ခမောက်အလုံးရေ (၄၀) ခန့်ပြီးစီးပါသည်။ ရိုးရိုးဝါးခမောက် (၁)လုံးအတွက် ကုန်ကျငွေမှာ (၄၀၀)ကျပ်ခန့်ရှိပြီး (၁)လုံးလျှင် ဖောက်သည် စျေးနှုန်း(၈၀၀)ကျပ်ခန့် ရရှိပါသည်။ ရှယ်ဝါးခမောက် တစ်လုံး၏ ကုန်ကျငွေမှာ (၇၅၀)ကျပ်ခန့် ကုန်ကျပြီး (၁)လုံးလျှင် ဖောက်သည်စျေးနှုန်း (၁၅၀၀) ကျပ်ခန့် ရရှိပါသည်။ ဝါးခမောက်များအား ဖြူးမြို့ မြို့မစျေးကြီးအတွင်းနှင့် ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်များသို့ တင်ပို့ရောင်းချရပါသည်။ (၁)ခေါက်လျှင် ခမောက် အလုံးရေ (၁၀၀၀) ကျော် ပုံမှန်ပို့ရပြီး (၁) လလျှင် (၃) ခေါက်လောက် ပို့ရကြောင်း သိရပါသည်။

                 မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သောကြောင့် တောင်သူဦးကြီးများနှင့် စိုက်ပျိုးရေးလုပ်သားများအတွက် ဝါးခမောက်သည် လိုအပ်သောပစ္စည်းတစ်ခု ဖြစ်ပါသည်။ ညောင်ကားယားကျေးရွာမှ ထွက်ရှိသော ဝါးခမောက်များသည် လက်ရာသေသပ်ကောင်းမွန်ပြီး ကြံ့ခိုင်သောကြောင့် ဒေသတွင်း မြို့နယ်များတွင် နာမည်ရပြီးသော ကုန်ပစ္စည်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ဝါးခမောက်လုပ်ငန်းသည် နှစ်ပတ်လည် ပြုလုပ်ရသောလုပ်ငန်းဖြစ်သဖြင့် ညောင်ကားကျေးရွာရှိ တောင်သူဦးကြီးများ၏ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်ကြောင်း ဝါးခမောက်လုပ်ငန်းဖြင့် အပိုဝင်ငွေရရှိသူ တောင်သူဒေါ်ထွေးရီ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာဈေးကွက်သို့ ( နွေ ) ကြက်သွန်နီအသစ်များဝင်ရောက်လျက်ရှိ

            မတ်လ တတိယပတ်တွင် မုံရွာဈေးကွက်သို့ (နွေ) ကြက်သွန်နီအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွဲရဲ၊ ကျောက်စစ်ပုံ၊ နဘူးတော၊ စုန်းချောင်းတို့မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ခန့် ရက်ခြား အဝင် ရှိသည်။

            ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီပွဲရုံ လက်ကားဈေးတစ်ပိဿာလျှင် (ကြီး၊ လတ်၊ သေး) ကျပ် ၇၀၀၊ ၆၅၀၊ ၆၀၀ နှုန်းရှိပြီး၊ လက်လီဈေးနှုန်းတွင် ( ကြီး၊ လတ်၊ သေး )ကျပ် ၁၀၀၀၊ ၈၀၀၊ ၇၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။

         အရောင်းအဝယ်အနေဖြင့် (၂)ရက်လျှင်ကား(၁)စီးစာ ပိဿာ(၈၅၀၀)  ရန်ကုန်သို့ ပို့ ပေးရပါသည်။ ပြည်ပသို့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား၊ မြဝတီ၊ ထိုင်း၊ဗီယက်နမ်၊လာအိုသို့တင်ပို့ရပါသည်။ ရေလမ်းကြောင်း ဖြင့် ဟုမ္မလင်း၊ ခန္တီး ပိဿာ(၃၀)ဝင်အိတ်(၃)အိတ်ခန့် ရက်ခြားအရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ပအနေဖြင့် မြဝတီသို့ ပိဿာချိန်(၃)သိန်းခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ရွှေတောင်မြို့နယ်ရှိ ဒန့်ဒလွန် (အိန္ဒိယမျိုး) စိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

           စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကသစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ သွားရောက်၍ ဒန့်ဒလွန်(အိန္ဒိယမျိုး) စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်အဖွဲ့သည် (၂၂.၃.၂၀၂၂) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ကသစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့သွားရောက်၍ ဒန့်ဒလွန် (အိန္ဒိယမျိုး) စိုက်ပျိုးသူ ဦးဟန်ဝင်း နှင့်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှု ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို ကွင်းဆင်းလေ့လာရာတွင် ဒန့်ဒလွန် စိုက်ပျိုးဧက (၆)ဧကတွင် အပင်ပေါင်း ၂၄၀၀ စိုက်ပျိုးထားကြောင်းသိရပါသည်။ ဒန့်ဒလွန် အပင်ပေါင်း ၂၄၀၀ စိုက်ပျိုးရာ ကုန်ကျစရိတ်အနေဖြင့် ၁၁သိန်းကျပ်ခန့် ကုန်ကျပါသည်။ ဒန့်ဒလွန်ပင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စတင်ခူးဆွတ်ရပါသည်။ ဒန့်ဒလွန် (အိန္ဒိယမျိုး)မှာ တစ်နှစ်လျှင် နှစ်ကြိမ်သီးသောမျိုးဖြစ်ပါသည်။ အပင်သက်တမ်းအနေဖြင့် ပိုးမထိုး၊ အပင်မသေမချင်းခူးဆွတ်ရပါသည်။ ခူးဆွတ်ရရှိသော ဒန့်ဒလွန်သီးများကို ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေး သို့ တင်ပို့ရောင်းချပါသည်။ ဈေးနှုန်းအနေဖြင့် ပေါ်ခါစတွင် တစ်တောင့်လျှင် ၂၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး အသီးများလှိုင်ချိန်တွင် တစ်တောင့်လျှင် ၆၀ကျပ်ခန့် ရရှိသည်ဟုသိရပါသည်။ ဒန့်ဒလွန်စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ပထမအကြိမ်တွင် (၃)သိန်း ကျော်ရရှိပြီး ဒန့်ဒလွန်မျိုးရောင်းရငွေမှာ အနည်းဆုံး (၇)သိန်းကျော်ခန့်ရရှိပြီး စုစုပေါင်း အမြတ်မှာ (၁၀)သိန်းကျော်ခန့်ရရှိသည်ဟုသိရပါသည်။ နောက်ပိုင်းတွင် အပင်မသေမချင်း ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။

          ဒန့်ဒလွန်စိုက်ပျိုးသူများအနေဖြင့် ဒန့်ဒလွန်စိုက်ပျိုးထားသော မြေလွတ်များတွင်ကြားကာ လဝင်ငွေရရှိစေရန်အတွက် မြေပဲ၊ ပဲတီစိမ်းနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနိုင်မည်ဖြစ်ပါသည်။ ဒန့်ဒလွန်ပင်သည် လူတို့အတွက်အကျိုးပြုရာမှာ ဆေးဖက်ဝင် အာဟာရဖြစ်ရုံတင်မကဘဲ လေထုညစ်ညမ်းမှုကို သာမန်အပင်များထက် အဆပေါင်းများစွာ လျော့ချပေးနိုင်သဖြင့် မိမိတို့နေထိုင်ရာခြံဝင်းအတွင်း တပိုင်တနိုင်စိုက်ပျိုးမည်ဆိုလျှင် မိမိတို့လည်း စားသုံးလို့ရပြီး ပိုလျှံလျှင်ဈေးကွက်တင်ရောင်းချမည်ဆိုပါက ဝင်ငွေလည်းရ၊ အဟာရလည်းဖြစ်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်မိပါသည်။

DOCA(ပဲခူး)

နွေစပါးစိုက်ကွင်းသို့ကွင်းဆင်းလေ့လာ

               ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာသို့သွားရောက်၍ နွေစပါးစိုက်ပျိုးနေမှု၊ တစ်ဧကကုန်ကျစရိတ်များအား သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁၉.၃.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ကွင်းအမှတ် (၉၇)တွင် နွေစပါးများ စိုက်ပျိုးသူ တောင်သူဦးခင်ဌေးနှင့်တွေ့ဆုံပြီး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် နွေစပါး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်များအား မေးမြန်းခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် နွေစပါးစိုက်ဧကမှာ ၄၅၉၄၈ ဧက ရှိပြီး ပန်းတောင်းမြို့နယ်အနေဖြင့် လျာထားစိုက်ဧကမှာ ၁၈၄ ဧကရှိပြီး ၅၂ ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ နွေစပါးကို ဒီဇင်ဘာ လကုန်ပိုင်းနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုး၊ ထိုင်းနှံကောက်မျိုးနှင့် ရက်(၁၂) သက်တမ်းမျိုးတို့ဖြစ်ပါသည်။ နွေစပါးစိုက်ပျိုးသူ ဦးခင်ဌေးအနေဖြင့် စိုက်ဧက (၄.၅၀)ဧကတွင် ထိုင်းနှံကောက်မျိုးကိုသာစိုက်ပျိုးပါသည်။ တစ်ဧကစိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ ၄၅၀၀၀၀ ကျပ်ခန့် ကုန်ကျသည်ဟုသိရပါသည်။ နွေစပါးများ အထွက်နှုန်းကောင်းမွန်စေရေး၊ မြေဩဇာစနစ်တကျသုံးစွဲတတ်ရန်နှင့် ပိုးမွှားကျရောက်မှုကို စနစ်တကျ ကာကွယ်နှိမ်နင်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေး ဆောင်ရွက်လျှက်ရှိသဖြင့် ယခုနှစ်တွင် နွေစပါးအထွက်နှုန်းကောင်းမည်ဟု မျှော်လင့်လျှက်ရှိပါသည်။ နွေစပါးများ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းအနေဖြင့်လည်း စပါးတင်း(၁၀၀)လျှင် ကျပ် (၅)သိန်း ကျော်ရရှိပါက နွေစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းလည်းကောင်း၊ ဈေးကောင်းလည်းရရှိမည်ဆိုလျှင် ပိုမို၍တွက်ချေကိုက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ငှက်ပျောစိုက်ပျိုး တောင်သူများ ဝင်ငွေကောင်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာတွင် ငှက်ပျောတိုးချဲ့စိုက်ပျိုးလာ ကြပြီး အရောင်းအဝယ်သွက်လျက်ရှိ‌ကြောင်းသိရှိရပါသည်။
ဒေသတွင်းတွင် ဖီးကြမ်းငှက်ပျော(ရိုးရိုး)နှင့် ဖီးကြမ်း(ကျောက်စိမ်း) (၂)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြပြီး ငှက်ပျောသားပေါက်များကို တစ်ပင်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် ကနီမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမှာ တစ်ဧကလျှင် အပင်ရေ(၈၀၀)ခန့် စိုက်ပျိုးကြောင်း၊ မစိုက်မီ ထယ်နှစ်စပ်ထိုး၍ တစ်ပင်နှင့်တစ်ပင် ၉ပေခန့် အကွာအဝေးဖြင့် ရေသွင်း စိုက်ပျိုးကြောင်း၊ စိုက်ပင် ၁၅ ရက်သားတွင် အရွက်မထွက်သည့်အပင်များကို ထိပ်ဖွင့်ပြီး ၂၀ ရက်သား တွင် အပင်မပေါက်သည်များကို ဖာထေး၍ ၃၅ ရက်သားတွင် ရိုလာစက်ဖြင့် ပေါင်းသတ်ပေးပြီး ၄၅ ရက်သားတွင် ထယ်တစ်စပ်ထိုးကာ ရေသွင်းပေးရကြောင်း၊ ငှက်ပျောစိုက်ပင် (၁၀)လသားအထိ တစ်လတစ်ကြိမ် ထယ်တစ်စပ်ထိုး၊ ရေတစ်ကြိမ်သွင်းပြီး သားပင်များကို တံဇဉ်ဖြင့် ထိပ်ဖြတ်ပေးရ ကြောင်း၊ ငှက်ပျော(၁၃)လသားအရွယ်တွင် ငှက်ပျောပင်အားလုံး အခိုင်ထွက်ပြီး တစ်ပင်လျှင်တစ်ခိုင်၊ တစ်ခိုင်လျှင် (၁၀)ဖီးခန့်ပါရှိပြီး ရောင်းတန်းဝင်(၅)ဖီးရယူကြောင်း၊ မြေဆီမြေသားကောင်းမွန်မှုနှင့်ရေရ ရှိမှုအပေါ်မူတည်၍ ငှက်ပျောစိုက်ပင်သက်တမ်း(၅)နှစ်မှ (၇)နှစ်ခန့်အထိ ရောင်းတန်းဝင်ငှက်ပျောခိုင် များ ထွက်ရှိကြောင်း၊ ထွက်ရှိသော ငှက်ပျောများကို မြို့ပေါ်ရှိကုန်သည်များမှ ခြံအရောက် တစ်ဖီး လျှင် ၈၀၀ ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူကြပြီး မြို့တွင်းလက်လီဈေးများတွင် ပြန်လည်ရောင်းချမှု များ ရှိသောကြောင့် ငှက်ပျောစိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်ကာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရပါသည်။

နာဂဒေသ ဘိလပ်မြေဈေးနှုန်းမြင့်တက်

          ပွင့်လင်းရာသီဖြစ်သဖြင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ကုန်စည်စီး ဆင်းမှုသွက်လျက်ရှိပြီး အိမ်ဆောင်ပစ္စည်းတစ်ချို့နှင့် ဘိလပ်မြေများ မြို့နယ်တွင်းသို့ တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုမတ်လတွင် ဘိလပ်မြေဈေးနှုနန်းများမှာ Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇန်နဝါရီလတွင် Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၁၈၀၀၀)ကျပ်သာရှိခဲ့ပြီး ဇန်နဝါရီလနှင့် မတ်လနှိုင်းယှဉ်ကြည့်လျှင် ဘိလပ်မြေတစ်အိတ်လျှင် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် သယ်ယူစရိတ်ကြီး မြင့်လာခြင်းကြောင့်ဖြစ်သည်ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း