Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃ .၃.၂၀၂၃)

    ၁၃.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဖားစည်မြေမှ နေကြာအကြောင်း တစ်စေ့တစ်စောင်း

    ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ ပေါ့ထော်ကျေးရွာသို့  --၂၀၂၃ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများသည် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဒေသတွင်း စိုက်ပျိုးထားရှိသော နေကြာပင် စိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

      နေကြာပင်ကို မြေသားနက်၍ မွပြီးမြေဆီအာဟာရသန်သောမြေနှင့် နှုန်းမြေတွင် စိုက်ပျိုးနိုင်ပါသည်။ နေကြာပင်သည်ရေမကြိုက်ပါ။ နေကြာပင်ကို.မိုးနှောင်းပိုင်းတွင်စိုက်ပျိုးနိုင်ပါသည်။ နေကြာသီးနှံစိုက်ပျိုးခြင်းသည် စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ တစ်ဧကအထွက်နှုန်း ကောင်းခြင်းတို့ကြောင်း ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံဖြစ်ပါသည်။ နေကြာတစ်ကျင်းကို အစေ့ ၄ စေ့ ၅ စေ့ ချပေးရပြီး လေး၊ ငါးရက်အတွင်း အပင်ပေါက်သည်။ ၎င်းအပင်ပေါက်များ အရွက်ထွက်လာသောအခါ အကောင်းဆုံးအပင်ကိုချန်ထားပြီး ကျန်အပင်တွေကိုနှုတ်ပေးရပါသည်။ နေကြာပင်ကို သဘာဝမြေသြဇာဖြစ်သည့် နွားချေးနှင့် မြေဆွေးကို ထည့်ပေးနိုင်သည်။ နွားချေးမြေသြဇာထည့်ပါက တစ်ဧက နွားချေးတင်း ၁၀၀ မှ ၂၀၀ ထိ ထည့်ပေးနိုင်သည်။ နေကြာပင်ပေါက်ပြီး ရက်ပေါင်း ၃၀ မှ ၄၀ ရက် သားလောက်တွင် ပေါင်းမြက် များကိုနုတ်ခြင်း၊ ဘောင်တင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ နေကြာပင်၌ ရောဂါပိုးမကျအောင်လည်း ဂရုစိုက်ရပါသည်။ နေကြာပင်၏ပုံသဏ္ဍာန်မှာ ညိုဝါရောင်ပြောင်းလာပြီးဆို အစေ့များ အောင်ပြီဖြစ်၍ စတင်ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းရာတွင်လည်း အစေ့တွင်အစိုဓာတ် (.) ရာခိုင်နှုန်း ရရှိရန် နှစ်ရက် သုံးရက် နေလှန်း၍ လေလုံအောင်သိုလှောင်ရမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

     ကရင်ပြည်နယ်တွင် နေကြာသီးနှံစိုက်ပျိုးမှုမှာ ယခင် ၁၆၄ ဧက ရှိခဲ့ရာမှ ယခုအခါ ၁၃၇၂ ဧက ထိ တိုးချဲ့စိုက်ပျိုးနိုင်လာကြောင့်နှင့် ပြည်နယ်အတွင်းရှိစိုက်ပျိုးနိုင်သော မြေလွတ်/ မြေရိုင်းများ၊ ရေမရနိုင်သော နေရာများသို့ ရေရရှိနိုင်ရေး၊ သီးထပ်/ သီးညှပ် စနစ်များဖြင့် စီမံလျာထားချက်များ ချမှတ်ကာ ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

  ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဆီစက်လုပ်ငန်းရှင်များ၊ စိုက်ပျိုးတောင်သူများနှင့်စိုက်ပျိုး ရေးဝါသနာရှင်များအနေဖြစ် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်စေရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပေါ့ထော်ကျေးရွာရှိ တစ်နိုင်တစ်ပိုင် စီးပွားရေးထက် ပိုမိုစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော နေကြာပင်စိုက်ခင်းအကြောင်း တစ်စေ့တစ်စောင်း ဖော်ပြလိုက်ရပါသည်။

DOCA(ကရင်)

တနင်္သာရီတိုင်းဒေသကြီး ငပိ၊ငါးခြောက်စျေးကွက်အခြေအနေ

    တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများဖြစ်သော ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်သဖြင့် ငပိ၊ငါးခြောက်များလည်း ထွက်ရှိရာဒေသဖြစ်ပါ သည်။မျှင်ငပိကို ပြုလုပ်ရာ၌ ငါးငယ်များကို ဖယ်ယူသန့်စင်ရပြီး တစ်နေ့လုံးနေရောင်ခြည်ရနိုင်သည့်အထိ ကွင်းပြင်များတွင် လှန်းပြီးနောက် မျှင်ခြောက်များအား ဒေသရိုးရာလက်ထောင်းဆုံဖြင့် ပြုလုပ်လျက်ရှိသည်။ ငါးခြောက်ပြုလုပ်ရာတွင် ငါးအစိုကို ခွဲပြီး ဆားသိပ်နေလှန်းပြုလုပ်ကြောင်း သိရှိရပါသည်။

    ထားဝယ်မြို့တွင် စျေးကွက်တွင်ရောင်းချလျက်ရှိသော ငါးနီတူတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၂၅၀၀၀၀ကျပ်၊ ငါးဒေါင်းကျင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊စာပလပ် ခြောက်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ရှိပြီး မျှင်ငပိတစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ အစားစားရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ပင်လယ်စာတွင်မပါမဖြစ်သောကင်းမွန်နှင့် စျေးကွက်အခြေအနေ

    ကင်းမွန်သည် ရေငန်တွင်အသက်ရှင်နေထိုင်လျက်ရှိပြီး အချို့က ပြည်ကြီးငါးဟုလည်း ခေါ်ကြပါသည်။ ရေငန်ပိုင်းနေ ကျောရိုးမဲ့၊ အခွံမဲ့ ရေနေသတ္တဝါများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပုံသဏ္ဍာန်တူသည်ဟု ထင်ရသော်လည်း ကင်းမွန်၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ ရှည်မျောမျောရှိပြီး ပြည်ကြီးငါး၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ လုံးဝန်းလျက်ရှိပါသည်။

    ဆိုင်တစ်ဆိုင်တွင် ပင်လယ်စာဟုဆိုလျှင်  မပါမဖြစ်သည့်အမျိုးအစားတစ်မျိုးမှာ ကင်းမွန် ဖြစ်ပါသည်။ ကင်းမွန်ဟာ ပရိုတင်း အသားဓာတ်နှင့် သတ္တုဓာတ်တွေ ကြွယ်ဝသည့်အပြင် အဆီရော၊ ကယ်လိုရီရော နည်းသောကြောင့် ကျန်းမာရေးအတွက် စားသုံးရန်သင့်သော အစားအစာတစ်မျိုးဖြစ်ပါသည်။

   ကင်းမွန်သည်တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိကြပြီး အများအားဖြင့် ရေအပူချိန်တိုး လာချိန်များ၌ ပိုပြီးသားပေါက်ကြပါသည်။ အသေးဆုံးကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီး ခန့်မှန်းအားဖြင့် ကင်းမွန်များ၏သက်တမ်းမှာ(၃)နှစ်သာ ရှိပါသည်။ ကင်းမွန်အမမှာ ဥပေါင်း (၁)သိန်းကျော်ထိ ဥ ဥနိုင်ကြပါသည်။ ဧပြီ၊ မေလများသည် ကင်းမွန်များ သားပေါက်ရာသီဖြစ်သောကြောင့် ထိုကာလ၌ ကင်းမွန်ဖမ်းခြင်းကို ရပ်ဆိုင်းထားပြီး သတ်မှတ်ကာလမှအပ ကင်းမွန်များကို အများအားဖြင့် လပြည့်ကျော် (၄)ရက်နေ့မှစ၍  ဖမ်းဆီးကြပါသည်။ အဓိကအားဖြင့် ဆောင်းဦးအစမှ နွေဦးပေါက်သည်အထိ ဖမ်းဆီးရမိမှုမှာ ပိုမိုများပြားလျက်ရှိပါသည်။

   ကင်းမွန်ကို တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြိတ်ကျွန်းစုတို့တွင် အများဆုံး တွေ့ရှိရပြီး မွန်ပြည်နယ်တို့တွင်လည်းဖမ်းဆီရမိကြသည်။ မြိတ်ဒေသတွင်ဖမ်းဆီးရမိသည့် ကင်းမွန်အရွယ်အစားမှာ ၁လက်မအရွယ်မှ ၁၀ လက်မအရွယ်ခန့်ရှိပြီး ဖမ်းဆီးရမိသည့် ကင်းမွန်များကို ပြည်တွင်း နေရာအနှံ့အပြားသို့ ပို့ဆောင်လျက်ရှိကြပါသည်။ ကင်းမွန်ကို စျေးကွက်တွင် အရွယ်(၃)မျိုး ခွဲခြားလျက်ရှိပြီး ၂ လက်မနှင့်အောက်ကို ကင်းမွန်အခြောက်ပြု လုပ်၍ရောင်းချပြီး ၃ လက်မနှင့် အထက်ကင်းမွန်များကို ရေခဲရိုက်၍သော်လည်းကောင်း၊ သန့်စင်၍ အကွင်းလိုက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချလျက်ရှိပါသည်။ အကွင်းလိုက်ပြုလုပ်ထားသော ကင်းမွန်များကို  တရုတ်နိုင်ငံမှအများဆုံးဝယ်ယူကြပြီး အကောင်လိုက် ရေခဲရိုက်ထားသောကင်းမွန်များကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိ ကြပါသည်။

   ယခင်က စျေးကွက်ဝင် ကင်းမွန်တစ်ပိဿာလျင် ၁၅၀၀၀ကျပ်ခန့်ရှိရာမှ  ယခုအချိန်တွင် စက်သုံးဆီစျေးနှုန်းမြင့်မားလာခြင်းနှင့် ကင်းမွန်ရရှိမှုနည်းပါးခြင်းတို့ကြောင့် စျေးကွက်ဝင် ကင်းမွန် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ခန့်ထိ စျေးပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ကင်းမွန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ ရေးသားတင်ပြလိုက်ပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ‌ပထမပတ်တွင် စပါးဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေလျက်ရှိပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၈၂၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၁၇၈၀၀၊ တန်အားဖြင့် ၅၈၉၀ တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၂၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၈၈၀၀၊ တန်အားဖြင့် ၅၉၄၀ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၀၀၀၊ တန်အားဖြင့် ၅၀ တန် ပို၍ စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ မတ်လ ပထမဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၅၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း ၁၀၀လျှင်  ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင်  ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာခရိုင်အတွင်း နေကြာသီးနှံလျာထားဧကထက် တိုးချဲစိုက်ပျိုး

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံကို  မိတ္ထီလာ၊ သာစည်၊မလှိုင်၊ ဝမ်းတွင်းစသည့်မြို့နယ်များတွင် မိုး‌/ဆောင်းရာသီနှစ်မျိုးစလုံးတွင် ပိုမိုစိုက်ပျိုးခဲ့ရာ စီမံကိန်းလျာထားချက်ကျော်လွန်ပြီး စိုက်ပျိုးနိုင်သည့်အပြင် တိုးချဲ့စိုက်ဧက မိုးနေကြာ(၃၇၂၃)ဧကနှင့် ဆောင်းနေကြာ(၉၇၂၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးသည့်နေကြာမျိုးကွဲများမှာ ဆင်းရွှေကြာ-၂၊ ရေဆင်း ၁ စပ်မျိုး နှင့် Black Sunflower  မျိုးများကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း ၊အခြားသီးနှံများနှင့်ရော၍ ပင်ကြား၊ တန်းကြား သီးညှပ်စိုက်ပျိုးခြင်းကိုလည်းကောင်း၊  စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ၊ မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးမှုဖြင့် စိုက်ပျိုးကြောင်း သိရပါသည်။

     တောင်သူများအနေဖြင့် မိုးနေကြာကို မိုးဦးကာလ မေ၊ဇွန်လများတွင် စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် မိုးနှောင်ကာလ သြဂုတ်၊စက်တင်ဘာလများအထိ တိုးချဲ့စိုက်ပျိုးကြပါသည်။ နေကြာ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ်(၂)သိန်းခန့်သာကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၂၀)ကျော်ခန့် ထွက်ရှိပြီး လက်ရှိနေကြာစျေးနှုန်းမှာလည်း တစ်တင်းလျှင် (၃၅၀၀၀) ကျပ်ခန့် ရောင်းချရကြောင်း၊ ဆီကြိတ်ရောင်းလျှင်လည်း နေကြာဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ရရှိသဖြင့် စီးပွားရေးအရတွက်ခြေကိုက်၍ အကျိုးအမြတ်များစွာ ရရှိသဖြင့် လာမည့်နှစ်များတွင်လည်း နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးလုပ်ကိုင်သူတောင်သူများထံမှ သိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်တွင် ကြက်သွန်နီကို စျေးကောင်းရရှိရန် ချိန်ကိုက်စိုက်ပျိုးလာ

   မိတ္ထီလာခရိုင်တွင် ကြက်သွန်နီစျေးကောင်းသဖြင့် စိုက်ပျိုးသည့် စရိတ်တတ်နိုင်သည့် တောင်သူများမှာ ဆောင်းကြက်သွန်နီကို အစောပိုင်းစိုက်ပျိုးလာကြပါသည်။ အစောပိုင်း စိုက်ပျိုးသောကြက်သွန်နီမှာ ယခု ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထွက်ရှိလာပါသည်။ ယခင်ပုံမှန်စိုက်ရာသီအနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်သားကြက်သွန်နီမှာ မတ်လအတွင်း ရိတ်သိမ်းလေ့ရှိရာ ၎င်းကာလမှာ မိုးကြက်သွန်နီကုန်ချိန်ဖြစ်၍ ဆောင်းကြက်သွန်နီမထွက်ရှိသေးဘဲ အရည်အသွေးမှာလည်း ကောင်းမွန်ခြင်းကြောင့် စျေးကောင်းရရှိကြပါသည်။ မိတ္ထီလာခရိုင်အနေနှင့် ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ပုံမှန်ထွက်ရှိပြီးဖြစ်၍ ထွက်ရှိဒေသစုံမှ ကုန်ဝင်များခြင်းကြောင့် စျေးကွက်တွင် စျေးကောင်းမရဘဲ တောင်သူအကျိုးအမြတ်နည်းလေ့ရှိပါသည်။

      ယခုအခါ တောင်သူများအနေနှင့် သတင်းအချက်အလက်နည်းပညာများရရှိလာရာ ကြက်သွန်နီစိုက်တောင်သူအချို့မှာ အပင်၊ ဥအားဆေးများ သုံး၍စိုက်ပျိုးလာကြပါသည်။ ယခင်က မိရိုးဖလာနည်းနှင့် စိုက်လျှင်တစ်ဧက (၃၅၀၀) ပိဿာဝန်းကျင်သာထွက်ရှိခဲ့သော်လည်း ယခုအခါ တစ်ဧက နှစ်ဆထိ တိုးမြှင့်ထွက်ရှိလာပါသည်။ ထိုသို့ အထွက်နှုန်းမြှင့်လာခြင်းမှာ ကြက်သွန်နီမှာ ယခင်ထက် သုံးလေးဆထိ ကြီးထွားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်တွင် စပါး၊ ဆန်စျေးများငြိမ်လျက်ရှိ

      မိတ္ထီလာစျေးကွက်သို့ ဆန်သစ်များ အဝင်လှိုင်လာသော်လည်း ဆန်ဟောင်းများ စျေးငြိမ်လျက်ရှိပါသည်။ မိတ္ထီလာခရိုင်တွင် မိုးစပါးကိုအများဆုံးစိုက်ရာ စိုက်ပျိုးရာတွင်လည်း ဒေသရာသီဥတုနှင့် လျော်ညီကာစျေးကွက်ဝင်သည့် မနောသုခကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခါ  ကျောက်ဆည်၊ မြစ်သားမျိုးဖြစ်သည့် ဧရာပဒေသာမှာ စျေးကောင်းရသဖြင့် ဝမ်းတွင်းမြို့နယ်တွင် ၎င်းမျိုးကို စိုက်ပျိုးမှုများပြားလာပါသည်။

   မိတ္ထီလာစျေးကွက်သို့ ဆန်သစ်များမှာ ဇန်နဝါရီလမှစ၍ ဝင်ရောက်လာပြီး ယခုအခါအဝင်လှိုင်လာခြင်းကြောင့် လှောင်လက်သမားများဝယ်ယူမှုများပြားပါကြောင်း၊ မတ်လဆန်းရှိဆန်စျေးမှာ မိတ္ထီလာစျေးကွက်တွင် တစ်အိတ်လျှင် မနောသုခ (ဟောင်း) တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ အနောသုခ (သစ်) တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်၊ ဧရာပဒေသာ (ဟောင်း) တစ်အိတ်လျှင် ၇၈၀၀၀ ကျပ်၊ ဧရာပဒေသာ တစ်အိတ်လျှင် (သစ်) ၇၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ၉၅၀၀၀ကျပ် ၊ ရွှေဘိုပေါ်ဆန်း (သစ်) တစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြင့် ယခင် ဖေဖော်ဝါရီလလယ် စျေးဖြင့် စျေးငြိမ်နေပါကြောင်း၊ စျေးငြိမ်နေရခြင်းမှာ ဆန်သစ်များ အဝင်လှိုင်သကဲ့သို့ စျေးကွက်အတွင်း ဆန်လက်ကျန်များလည်းရှိနေခြင်းကြောင့် ဖြစ်ပါကြောင်းနှင့် စပါးစျေးမှာလည်း ယခင်ဖေဖော်ဝါရီလ တတိယပတ်နည်းတူ မနောသုခ တင်း (၁၀၀) လျှင် ၁၇၀၀၀၀၀ ကျပ်၊ ဧရာပ‌ဒေသာ တင်း (၁၀၀) လျှင် ၁၈၀၀၀၀၀ ကျပ် စျေးဖြင့် စျေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း