ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့သော ဆန်များတင်ဆောင်လာသည့် သင်္ဘောသည် အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ ဆီမာရမ်မြို့သို့ ၂-၁၁-၂၀၂၃ နေ့တွင် ဆိုက်ရောက်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်က ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံ၌ အစိုးရ၏ နှစ်ကာလကြာရှည်စွာ ဈေးနှုန်းထိန်းချုပ်သည့် အစီအမံများက အကျိုးအမြတ်ရရှိမှုကို တစ်စတစ်စ လျော့ပါးလာစေခဲ့ရာ လယ်သမားများနှင့် ကုန်ထုတ်လုပ်သူများအတွက် လုပ်ငန်းချဲ့ထွင်ရန်အဟန့်အတားဖြစ်ပေါ်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို နည်းပါး စေသည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။
ပြည်ပမှ ဆန်တင်သွင်းမှုသည် ပြည်တွင်းရှိ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် မူတည်နေသော်လည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်၌ ဆန်တင်သွင်းခွင့်ပြုခဲ့သည့် တန်ချိန် ၃.၈ သန်း အောက်သို့ လျှော့ချပြီး ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၂ သန်းကို တင်သွင်းရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံပိုင်ကော်ပိုရေးရှင်းဖြစ်သော Bulog အဖွဲ့မှ အတွင်းရေးမှူး Awaludin Iqbal က ၆-၁၁-၂၀၂၃ နေ့ ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်း ၂၂ သန်းအား ဈေးနှုန်းများ မြင့် တက်မှုမှ အကာအကွယ်ပေးရန်အတွက် အိမ်ထောင်စု ၁ စုလျှင် ဆန် ၁၀ ကီလိုဂရမ်နှုန်းဖြင့် လစဉ် ထောက်ပံ့သည့်အစီအစဉ်ကို မူလက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ သတ်မှတ်ထားရာမှ ယခု ၂၀၂၄ ခုနှစ် ဇွန်လအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ၆-၁၁-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ဘာစမာတီဆန်တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၁၂၀၀ သတ်မှတ်ထားရာမှ အောက်တိုဘာလ စတုတ္ထပတ်၌ ဒေါ်လာ ၉၅၀ နှုန်းသို့ အစိုးရက ပြန်လည်လျှော့ချပေးခဲ့အပြီး တူရကီနိုင်ငံမှ ဝယ်လက်အများအပြား၏ ဝယ်လိုအားမှာ မြင့်တက်လာခဲ့ရာ ပို့ကုန်ဈေးကွက်အတွင်း ဘာစမာတီဆန် ၁ တန်လျှင် ဒေါ်လာ ၉၇၅ မှ ၁၀၀၀ အကြားသို့ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်ဆန်များအား တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှုအေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Tran Quoc Toan ဦးဆောင်လျက် ဆန်တင်ပို့သည့် ဗီယက်နမ်ကုမ္ပဏီ ၁၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ ယခုနှစ် အောက်တိုဘာလမှ စတင်သည့် သကြားစျေးကွက်တင်ရောင်းချမှု ရာသီအတွက် ယခင်နှစ် ထုတ်လုပ်မှုအောက် ၉% ကျဆင်းလျက် စုစုပေါင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၃၃၇ သိန်းခန့်ရှိမည်ဟု အိန္ဒိယသကြားစက်ရုံများအသင်းက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။
ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Phumtham Wechayachai ဦးဆောင်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီသည် စားသုံးသူများအပေါ် အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်အတွက် သကြားစျေးနှုန်းများအား ထိန်းကျောင်းသွားမည်ဟု ၂၀၂၃ခုနှစ် အောက်တိုဘာလ ၃၀ရက်၊ တနင်္လာနေ့တွင် သဘောတူညီခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၃-၂၄ ခုနှစ် သီးနှံရိတ်သိမ်းရာသီတွင် စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဘတ်ငွေ ၆၉ ဘီလီယံ ကျခံသုံးစွဲလျက် ဆောင်ရွက်မည့် အစီအမံများကို အမျိုးသား ဆန်စပါးမူဝါဒ ကော်မတီသို့ အဆိုပြုတင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ကာလကြာရှည်စွာ ခြောက်သွေ့မှု၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းသက်သာစေရေးအတွက် နိုင်ငံ၏ ဘတ်ဂျက်ရန်ပုံငွေအပေါ် အခြေပြုသည့် စီးပွားရေးမူဝါဒတစ်ရပ်ကို အစိုးရက ချမှတ်ခဲ့ ပါသည်။
အိန္ဒိယနိုင်ငံဝါဂွမ်းအသင်းက ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီအတွက် ပထမအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အိန္ဒိယ၏ ဝါဂွမ်းအထွက်ပမာဏမှာ ၁၇ဝ ကီလိုဂရမ်ဝင် ဘေထုပ်ရေ ၂၉၅.၁ဝ သိန်းခန့်သာရှိပြီး ၁၅ နှစ်အတွင်း ဝါဂွမ်းအထွက် အနိမ့်ဆုံးဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ ယခင်နှစ်၌ ဝါဂွမ်းအထုပ်ရေ ၃၁၈.၉ဝ သိန်းထွက်ရှိခဲ့သဖြင့် ယခုနှစ်တွင် ၇.၅% ကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်း၌ ပဲပြတ်လပ်မှုကို ပြည်ပမှတင်သွင်းခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်နေရသည့် အိန္ဒိယနိုင်ငံသည် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်ပို့မှုနှောင့်နှေးလျက်ရှိသည့်အပေါ် စိုးရိမ်မှု ရှိကြောင်းဖော်ပြလျက် ၎င်းတို့၏ ဆိပ်ကမ်းများတွင် ပဲစင်းငုံ သင်္ဘောတင်ပို့မှုများကို လျင်မြန်စွာ ရှင်းလင်းနိုင်ရေး ဆောင်ရွက်ပေးရန် မိုဇမ်ဘစ်နိုင်ငံသို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။