Main menu

HighLight News

Powered by Drupal

ထားဝယ်မြို့၊ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိ‌ကောင်းစရာများ ဟောပြောဆွေးနွေး

      တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နံနက်(၇း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြပါသည်။

   ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌   ဒေါ်အေးအေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ထွေးက အန္တရာယ်ကင်းသောအစားအစာများဖြစ်ပေါ်စေ‌‌ရေးအတွက် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြကာ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      အခမ်းအနားသို့ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အင်အား(၁၄၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါအခမ်းအနားကို နံနက်(၁၀း၀၀) နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၅ရက်နှင့် ၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ကြပါသည်။

  အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မပါရှိသည့် တရားမဝင်ဆေးဝါများရောင်းချနေမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်လေဆိပ်တွင် တရားမဝင်ဆေးဝါးများ သယ်ဆောင်မှုများရှိ/မရှိ စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၄ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် ထားဝယ်လေဆိပ်တွင် မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ကဦးဆောင်၍ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မပါရှိသည့် တရားမဝင်ဆေးဝါများသယ်ဆောင်မှုများရှိ/မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

                            

 ရန်ကုန်တိုင်းဒေသကြီး၌ ( ၂၀၂၃-၂၀၂၄) ခုနှစ်အတွက် မိုးစပါးများ ရိတ်သိမ်းပြီး

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်မြို့နယ်များအတွင်း (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးစပါးများရိတ်သိမ်းနေပြီဖြစ်ရာ သန်လျင်ခရိုင်တွင် မိုးစပါး(၄၈၂၃၂၁)ဧကလျာထားစိုက်ပျိုးခဲ့ပြီး မြို့နယ်များဖြစ်သည့် သန်လျင်၊ သုံးခွ၊ ခရမ်းမြို့နယ်များ၌ စုစုပေါင်းမိုးစပါး (၉၆၈) ဧကရိတ်သိမ်းပြီးဖြစ်ကြောင်းသိရှိရပါသည်။

      မိုးစပါးစိုက်ပျိုးခဲ့ရာ၌ ရွှေမန်းသူ၊ GW-11 စပါးမျိုးများစိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် အထွက်နှုန်း (၆၉)တင်းထွက်ရှိကြောင်း၊ ဈေးနှုန်းမှာ (၄၆)ပေါင်ကိုက် စပါးတင်း (၁၀၀) လျှင် ကျပ် (၁၃၀၀၀၀၀-၁၃၅၀၀၀၀)၊ ဆန်ဈေး (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၅၈၀၀၀-၅၉၀၀၀) ရှိကြောင်း၊ ယခင်နှစ် မိုးစပါးပေါ်ချိန်၌ ကျပ်၁၂၀၀၀၀၀ဈေးနှုန်းရှိခဲ့သဖြင့် ယခင်နှစ်ထက် တောင်သူများမှာ ဈေးနှုန်းပိုမိုရရှိကြသော်လည်း လက်ရှိဈေးကွက်တွင် အဝယ်အေးနေသေးကြောင်းနှင့် မြို့နယ်အားလုံး၌ ရိတ်သိမ်းပြီးပါက ဆန်ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကလေးအာဟာရဖြည့်စွက်စာရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများရွေးချယ်ဝယ်သူစားသုံးရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မစည်ပင်ဈေးပတ်ဝန်း၌ကျင်ရှိသော ဗိုလ်ချုပ်လမ်း၊ မကျီးကန်ရပ်ကွက်၌ရှိသော ဆေးပစ္စည်းများနှင့်စတိုးဆိုင်များသို့သွားရောက်ပြီး ဆိုင်ပိုင်ရှင်များကိုတွေ့ဆုံ၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုတို့ကို ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမှ ဇာနည်ဆေးနှင့်စတိုး၊ စန္ဒာစတိုးဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များ၊ ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြန့်ဖြူးရောင်းချရာ၌ စားသုံးသူကာကွယ်ရေးဥပဒေဖြင့်ထုတ်ပြန်ထားသော “ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အရ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသောစားသောက်ကုန်များနှင့် သက်တမ်းလွန်နေသောအစားအသောက်များရောင်းချခြင်းမပြုစေရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုအကြံပြုဆွေးနွေးပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၌ စားအုန်းဆီရောင်းချမှုကို ကွင်းဆင်းကြပ်မတ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (၃-၁၀-၂၀၂၃) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ကုန်ဈေးတန်းလမ်းရှိ ဆိုင်ရှင်ဦးအောင်ကြည်၏ဆီဆိုင်တွင် ဆီ ၁ပိဿာလျှင် ၄၆၀၀ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများအား တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ဆန်များတင်ပို့

   ၂၀၂၃ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း ဘေးသင့်ပြည်သူများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူ၍ ဆန်အိတ်များကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင်ဖြစ်သော ဝိရှုပက္ခရေယာဉ်ဖြင့် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

     ထိုသို့တင်ပို့ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ကျဝန်ထမ်း ဦးနေလင်းသည် (၂၃-၉-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ (၂၄-၉-၂၀၂၃) ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ထိ မိုခါဆိုင်ကလုန်းမုန်တိုင်း ‌ဘေးသင့်ပြည်သူများအတွက် ဆန်များတင်ပို့မှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့မှစတင်ပြီး ( Online Sales) မှတ်ပုံတင်လျှောက်ထားနိုင်

    အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ (Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် E- ComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ပထမထပ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားမစတင်မီ တက်ရောက်လာသူများအား Register ပြုလုပ်ခြင်းနှင့် e ComReg စနစ်တွင် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ Register ပြုလုပ်ပုံ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့်စည်းကမ်းချက်များနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင် (အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

    အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ရာ Online Sales များမှတ်ပုံတင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရသည့်အကြောင်းရင်းမှာ Online Sales ဝယ်ယူမှုအရ စားသုံးသူနစ်နာမှုများလျော့နည်းစေရန်နှင့် ပိုမိုကောင်းမွန်သည့်ပတ်ဝန်းကျင်ကောင်းကိုဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမှု၊ ဝန်ဆောင်မှုပေးခြင်းကို ကဏ္ဍတိုင်းတွင် စနစ်တကျပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ရန် အမိန့်ကြော်ငြာချက်များထုတ်ပြန်ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများဆောင်ရွက်နိုင်ရန်အလို့ငှာ Online မှ အလွယ်တကူမှတ်ပုံတင်နိုင်ရန်အတွက် eComReg System ကိုရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ( Oline Sales ) လုပ်ငန်းမှတ်ပုံတင်ရာတွင် ကုန်ပစ္စည်းအုပ်စု၊ ဝန်ဆောင်မှုအုပ်စုများကို စနစ်တွင်ထည့်သွင်းထားပြီး လိုအပ်သည့်ထုတ်ပြန်ကြော်ညာမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ခွင့်ပြုထုတ်ပေးရာတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ဖြင့် ထုတ်ပေးသွားမည်ဖြစ်ပြီး  သက်တမ်း( ၂) နှစ်ခွင့်ပြုထားကြောင်းပြောကြားခဲ့သည်။

      ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက Online စနစ်ဖြင့်ရောင်းချသူ (Online Sales)များမှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်နိုင်မည့်အခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။

     ထို့နောက် တာဝန်ရှိသူများက အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှုအခြေအနေနှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည့် E-Commerce Registration (Online) System နှင့်စပ်လျဉ်း၍လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့သည်။ အခမ်းအနားသို့ စီးပွားရေးလုပ်ငန်းရှင် ၁၂၀၀ဦးတက်ရောက်ခဲ့ကြပါသည်။

    (Online Sales) မှတ်ပုံတင်လျှောက်ထားလိုသူများသည် ရုံးဌာနသို့ လူကိုယ်တိုင်လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထားရယူနိုင်သည့် eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့မှစတင်၍ အသုံးပြုနိုင်မည်ဖြစ်ကာ e ComReg System ကို https:// www. ecomreg. gov. mm website တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်းရေးသားတင်းပြလိုက်ရပါသည်။

DOCA(ရန်ကုန်)

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြို့သစ်မြို့နယ်၊ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၌ပြုလုပ်သော မြေဩဇာကြဲပက်ပွဲအခမ်းအနားသို့တက်ရောက်ကာ စပါးစိုက်တောင်သူများနှင့်တွေ့ဆုံ

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် (၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လဲလူအုပ်စု၊ လဲလူကျေးရွာ၊ ကွင်းအမှတ်-၁၄၉၄၊ ဦးပိုင်အမှတ်-အမှတ် ၂၀၈၊ တောင်သူ ဦးသန်းထွန်းအောင်၏ (ဧရာမင်း) (F1)မျိုးစေ့ထုတ်စံပြကွက်၌ပြုလုပ်သည့် မြေဩဇာကြဲပက်ပွဲအခမ်းအနားသို့ တက်ရောက်ကာတောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

      ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သီးနှံအထွက်တိုးရရှိရန်အတွက် စိုက်နည်းစနစ်မှန်ကန်ရန်နှင့် တန်းခြားစိုက်ပျိုးခြင်း၊ မျိုးပွားခြင်း စသည့်စိုက်ပျိုးရေးနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

       ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးက မိုးစပါးစိုက်ပျိုးမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

    ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများက မိုးစပါးစိုက်ပျိုးရာတွင် ၎င်းတို့၏လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)

 

သရက်မြို့ပေါ်ရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များအား တွေ့ဆုံ၍အသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံး၌ မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်(ဦးစီးမှူး)သည် သရက်မြို့ပေါ်ရှိ ပဲကြော်၊ ပဲလှော်၊ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီ(၁)ရက်လိုအပ်ချက်၊ (၁)လလိုအပ်ချက်တို့ကိုမေးမြန်းကာ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့်အမှတ်အသားများ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များကိုလည်း အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးဆီလိုအပ်ချက်စာရင်းများကိုမေးမြန်းပြုစုခြင်း၊ လုပ်ငန်းရှင်များထံမှ အမှန်တကယ်လုပ်ဆောင်နေသော လုပ်ငန်း၏မှတ်တမ်းဓာတ်ပုံများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ထောက်ခံချက်လက်မှတ်များကိုယူဆောင်ခဲ့ပေးပါရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်၊ တာဝန်များနှင့် တားမြစ်ချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်ပစ္စည်းများအား မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ မိမိတို့ထုတ်လုပ်သည့် စားသောက်ကုန်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - HighLight News