Main menu

HighLight News

Powered by Drupal

ပန်းတနော်၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်သို့သွားရောက်၍ ပန်းတနော်၊ အရှေ့ပိုင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ(၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုကြောင်း ရှင်းလင်းပြီး စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ တခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာလည်း ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၌ လုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်သို့သွားရောက်၍ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ( ၆)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်(၁၀)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးနှင့် ပန်းတနော်လုပ်ငန်းရှင်များဆွေးနွေးကြရာ ပန်းတနော်မြို့နယ်ရှိ ဆန်စပါးဈေးကွက်အခြေအနေ၊ ဆန်စပါးရောင်းဝယ်ထွက်ရှိမှုအခြေအနေများ၊ ရောင်းဝယ်ကြိတ်ခွဲမှုအခြေအနေ၊ တင်ပို့ရောင်းချမှုအခြေအနေများကိုဆွေးနွေးပြီးနောက် ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၆)မြို့နယ်ရှိပြီး အသင်းအဖွဲ့များ ထပ်မံဖွဲ့စည်းတိုးချဲ့သင့်ကြောင်း၊ အသင်းအဖွဲ့ရှင်သန်အားကောင်းမှသာ ဆန်စပါးကဏ္ဍကောင်းမွန်ဖွံ့ဖြိုးတိုးတက်လာပြီး ဆန်စပါးကဏ္ဍနှင့်သက်ဆိုင်သည့် စိုက်ပျိုးထုတ်လုပ်သောတောင်သူ၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်များ အကျိုးအမြတ်ကောင်းခံစားရရှိနိုင်ပါကြောင်း၊ ဆန်ကိုအဓိကထားစိုက်ပျိုးသည့်ဒေသဖြစ်၍ တောင်သူစိုက်ပျိုးသောမျိုး ၅မျိုး၊ ၆မျိုးရှိပြီး အကောင်းဆုံးမျိုးစပါးအရည်အသွေးတန်ဖိုးမြင့်စိုက်ပျိုးကြိတ်ခွဲမှု၌ ပြည်ပဈေးကွက်ဝင်အောင် တန်းမြင့်ဆန်ကိုခွဲခြားနိုင်သည့် ဆန်စက်နည်းပညာအရည်အသွေးမြင့်မားအောင်ဆောင်ရွက်ကာ ပြည်ပသို့တင်ပို့နိုင်သည့် အရည်အသွေးကောင်းသောဆန်ထွက်ရှိရေး၊ ပြည်ပတင်ပို့မှုတည်ငြိမ်နိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်၊ ဖိုးလမင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် (၅-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ဖိုးလမင်းဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖိုးလမင်းဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုနှင့် ထွက်ရှိလာသောဆန်များကို ဈေးကွက်သို့တင်ပို့ရောင်းချမှု၊ ပန်းတနော်မြို့နယ်ဆန်စပါးဈေးနှုန်း/ ဈေးကွက်အခြေအနေများကိုမေးမြန်းခဲ့ပြီး ဆန်စက်မှထွက်ရှိလာသောဆန်များကို အရည်အသွေးမြင့်ကုန်စည်ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ် အာမခံချက်ပေးနိုင်ခြင်းနှင့်စပ်လျဉ်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်၊ တားမြစ် ချက်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်များ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြဋ္ဌာန်းထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းအသိပညာပေးစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၀.၁၀.၂၀၂၃ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေးနှင့် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးတို့ရှိ ကုန်စုံဆိုင်များသို့ ဈေးစည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိ/မရှိ တို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ စစ်ဆေးခဲ့ရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဌာနမှ ပြဌာန်းချက်များကို စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်နှင့် ဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ “စားသုံးသူကာကွယ်ရေးဥပဒေပါ” ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ရှိ/မရှိ စစ်ဆေးခဲ့ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသား မပါဝင်သော ကုန်စည်များကို ဈေးကွက်အတွင်း မရောင်းချရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူပြည်သူ များ နစ်နာဆုံးရှုံး မရှိစေရေး ရောင်းချပေးရန်နှင့် စားအုန်းဆီများ ရောင်းချရာတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးအတိုင်း မိမိတို့ မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကို ကုန်စုံဆိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကို အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ်၊ ကျော်ပဒေသာဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၅-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ အင်းမကျေးရွာရှိ ကျော်ပဒေသာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျော်ပဒေသာဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုနှင့် ထွက်ရှိလာသောဆန်များကို ဈေးကွက်သို့တင်ပို့ရောင်းချမှုနှင့်  မအူပင်မြို့နယ်၏ ဆန်စပါးဈေးနှုန်း/ ဈေးကွက်အခြေအနေများကိုမေးမြန်းခဲ့ပြီး ဆန်စပါးဈေးကွက်အခြေအနေများ တည်ငြိမ်မှုရှိ / မရှိ၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ အချင်အတွယ် ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်၌ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် အွန်းလိုင်းစနစ်အသုံးပြုသူများသိရှိစေရန် အသိပညာပေးဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား (၉-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုအသိပညာပေး Talk Show မှတစ်ဆင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများကို သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနက စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့်  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ မှတ်ပုံတင်ရာတွင် တင်ပြရမည့်အချက်များအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး (၁-၁-၂၀၂၄)ရက်နေ့မှစတင်၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချနေသည့်လုပ်ငန်းများကိုစစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

တောင်ငူခရိုင်ဦးစီးမှူးသည် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင်များနှင့်တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နေ့လယ်ပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးခန်းမ၌ တောင်ငူခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းလုပ်အမှုဆောင်များနှင့် အသင်းဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  တွေ့ဆုံပွဲတွင် ခရိုင်ဦးစီးမှူးက ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် မိမိတို့ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးတို့ကိုဆောင်ရွက်ကြရန်၊ စားသုံးဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် လက်လီ/ လက်ကားရောင်းချရန်၊ တရားမဝင်စားသုံးဆီဖြစ်သော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် သံပုံးဆီများနှင့်ဘူးသွင်းဆီများကိုရောင်းချခြင်းမပြုကြရန်၊ စားအုန်းဆီများတွင် မြေပဲဆီအနံ့ထည့်၍ ပဲစပ်ဆီအဖြစ် ရောင်းချခြင်းသည် စားသုံးသူနစ်နာဆုံးရှုံးမှုကိုဖြစ်ပေါ်စေသဖြင့် ထိုကဲ့သို့ပြုပြင်ရောင်းချခြင်းမပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ခရိုင်ဦးစီးမှူးက တက်ရောက်လာသူများ၏ ဆွေနွေးတင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် ၁၇ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့်အတူ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော ကုန်စည်များကိုဝယ်ယူသင့်ပုံများနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း လိုက်နာသုံးစွဲသင့်ပုံများကိုဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၁၃ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့၊ အ-ထ-က(၁)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

      တောင်ငူခရိုင်၊ ဖြူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ဦးစီးမှူးရုံးများတွင်ဖွင့်လှစ်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm သို့ဝင်ရောက် ၍ တိုင်ကြားရန်ပုံစံတွင် အချက်အလက်များဖြည့်စွက်၍လည်းကောင်း တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါသည်။

   ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြိုနယ်အားကစားမှူး ဒေါ်ယဉ်သူဇာလွင်က အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၃၅၀ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ဒေးဒရဲမြို့နယ်၊ အောက်ချောင်းလေးကျေးရွာ(အ-မ-က)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော‌ပြော

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ အောက်ချောင်းကလေးကျေးရွာ၊ အခြေခံပညာမူလကျောင်းရှိ ကျောင်းသား/ကျောင်းသူ(၆၅)ဦး၊ ဆရာ/ဆရာမ(၄)ဦး၊ စုစုပေါင်း(၆၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က  မိမိတို့ဌာန၏ စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားသိကောင်းစရာများ၊ စားသုံးသူနစ်နာဖြစ်ပေါ်ပါက တိုင်ကြားနိုင်မှုအခြေအနေများနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စားသောက်ကုန်စည်များနှင့်ပတ်သက်ပြီး ရွေးချယ်ဝယ်ယူစားသုံးသင့်သည့်ကုန်စည်များအကြောင်းတို့ကို နားလည်သဘောပေါက်လွယ်အောင် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News