Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံလမ်းဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

       မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကို လည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီး ကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA (စစ်ကိုင်း)        

မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျှောက်ရှိ ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း    

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက် သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက်ရှိပါ သည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၈၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

 DOCA (စစ်ကိုင်း)        

ကန့်ဘလူမြို့နယ်ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်း လျှင် (၆၇၈၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၁၇၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၁၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တို ဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ်တစ်တင်းလျှင် (၁၇၀၀) ကျပ်၊ (V2)တစ်တင်းလျှင် (၁၈၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၁၈၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး၊ (929)တစ်တင်းလျှင် (၄၅၀၀)ကျပ်မြင့်တက်လျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့်ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးတွင် ‌ရောင်းချနေသော ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

        မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့်သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်  ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၃၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရသည်။

 DOCA (စစ်ကိုင်း)        

သာစည်ဈေးတွင် ရောင်းချနေသော ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ပြီး၊ ကြောင်လျှာသီးမှာ မြေပဲဆံပဲမှုန့်တို့နှင့် သုပ်စားပါက ခံတွင်းမြိန်သော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊ ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၃၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၉၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

 DOCA (စစ်ကိုင်း)        

မုံရွာမြို့တွင် ‌ရောင်းချနေသော ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီး များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၃၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

 DOCA (စစ်ကိုင်း)        

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၇၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူများထံမှ  သိရှိရပါသည်။

 DOCA (စစ်ကိုင်း)              

လက်ပံတန်းမြို့ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်း   ရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း  ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများသည်  ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ  /  မရှိ  ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ သိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီ တစ်အိတ်လျှင် (၂၁၀၀၀)၊ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက် အတွင်း လိုသလောက်ရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ပေါ်ဦးပေါ်ဖျား ထန်းမြစ် များ ဈေးကောင်းရရှိ

     တောင်ငူမြို့အနီးရှိ ကျေးရွာများတွင် ထန်းပင်များ ပေါများစွာရှိပါသည်။ ထန်းပင်ကို အဖိုပင်နှင့် အမပင်ဟူ၍ သတ်မှတ်ခေါ်ကြသည်။ ထန်းပင်ဖို မှ ထန်းရည်ရပြီး ထန်းရည်မှ တဆင့် ထန်းညက်ချက်ခြင်း စသည့်ဖြင့် အသုံးဝင်သလို ထန်းပင်မ မှ သီးသော ထန်းသီးများကို ထန်းအိမ်ငယ် များ စားသုံးကြသကဲ့သို့ ထန်းသီးမှည့်သွားပါက မြေပေါ်တွင် မြေကြီးများနှင့် အုပ်ပြီး ထန်းမြစ်များ ပြုလုပ်လေ့ရှိကြသည်။ လအနည်းငယ်အကြာတွင် ထန်းမြစ်များ ရရှိလာသည်။

       ရရှိလာသော ထန်းမြစ်များကို ဆောင်းရာသီတွင် ကျေးလက်နေပြည်သူများသည် မိသားစု အလိုက် အချမ်းပြေစေရန်နှင့် အပျင်းပြေစေရန် ထင်းမီးဖို၍ ထန်းမြစ်များကို မီးဖုတ်စားခြင်း ရှိသလို ၊ ပြုတ်၍လည်းဆီနှင့်ဆားတို့ဖြင့် စားသုံးကြပါသည်။ ထို့ပြင် ထန်းမြစ်ကို ထောင်း၍ ဆန်မုန့်နှင့်နယ်ပြီး ကြော်စား၍လည်း ရသေးသည်။  ထန်းမြစ်များကို ဈေးများတွင် ၁၀ ချောင်းလျှင် ၂၀၀၀ ကျပ် ဖြင့်ရောင်းချနေပြီဖြစ်ပြီး အချောင်း ၁၀၀ ယူပါက ဈေးနှုန်းအပြောင်းအလဲရှိပြီး ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ဈေးကောင်းရသလို ထန်းမြစ်များလှိုင်လှိုင်ပေါ်ပါက  ဈေးနှုန်းကျဆင်းလာနိုင် ကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ပေါ်ဦးပေါ်ဖျား ဇီးပုလဲသီး နှင့် ဇီးပဲလှော်သီးများ ဈေးကောင်းလျှက်ရှိနေ

 

တောင်ငူမြို့ညောင်ပင်လေးဈေးသို့ တောင်ငူမြို့ အနီးတဝှက်ရှိ မြို့များနှင့် အခြားဒေသများ မှ ထွက်ရှိသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ  တင်ပို့ရောင်းချလျှက်ရှိရာ ယခုအခါ ပေါ်ဦးပေါ်ဖျား ဇီးပုလဲသီး နှင့် ဇီးပဲလှော်သီးများ ရောင်းချလျက်ရှိနေသည်။

          ဆီးသီးများကို အသီးမျိုးစုံရောင်းချသည့်ဆိုင်များနှင့် အသီးသုတ်ရောင်းချသည့် အချဉ်ပေါင်း သည်များတွင် အများဆုံး ရောင်းချလျက်ရှိသည်။ ဆီးသီးများကို သုတ်စားခြင်း၊ နေပူလှန်း၍ ဇီးယို ထိုးစားခြင်း၊ အမှုန့်မျိုးစုံဖြင့် သုတ်စားခြင်း စသည့်ဖြင့် မျိုးစုံလုပ်စားကြသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ဆီးပုလဲသီး နို့ဆီဘူး ၄လုံးဆန့် ပြည်တောင်း အသေး ၁ ပြည်လျှင် ၃၀၀၀ ကျပ်၊ နို့ဆီဘူး ၈ လုံးဆန့် ပြည်တောင်း အကြီး ၁ ပြည် လျှင် ၅၀၀၀ ကျပ်၊ ဆီးပဲလှော် နို့ဆီဘူး ၁ဘူး လျှင် ၅၀၀ကျပ်၊ နို့ဆီဘူး ၈လုံးဆန့် ၁ပြည်လျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး နောက်အပါတ်များတွင် ဆီးသီးများလှိုင်လှိုင်ပေါလာမည်ဖြစ်သည့်အတွက် ဈေးနှုန်း အနည်းငယ်ကျဆင်းနိုင်ပါသည်။   အသီးသုတ် ရောင်းချသည့် ဈေးသည်များနှင့် များများဝယ်ယူသည့် ဖောက်သည်များအား ဈေးနှုန်း အပြောင်းအလဲ ရှိကြောင်း ဆီးသီးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း