Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ်ဈေးများရှိ ရုံးပတီသီးနှင့်ဝါးနွယ်မျှစ်ဈေးနှုန်းအခြေအနေ

ယခုစက်တင်ဘာလ (ပထမပတ်)တွင် ဈေးများထဲ၌ ရုံးပတီသီးနှင့် ဝါးနွယ်မျှစ်များ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ ရုံးပတီသီးနှင့် ဝါးနွယ်မျှစ်များသည် မြန်မာနိုင်ငံ၏ အပူပိုင်း ရာသီဥတုတွင် ကောင်းစွာ ဖြစ်ထွန်းပြီး မြစ်ဝကျွန်းပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများတွင် အဓိက စိုက်ပျိုးလေ့ရှိကြပါသည်။ရုံးပတီသီး နှင့်ဝါးနွယ်မျှစ်များသည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ အဓိကထွက်ရှိပြီး ထိုဒေသ များသည် ရေရရှိမှုကောင်းမွန်ပြီး မြေဩဇာထက်သန်ကာ ရာသီဥတုအခြေအနေကောင်းမွန်သောကြောင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ကြ ပါသည်။

ရုံးပတီသီးများကို တောင်ငူမြို့နယ်အတွင်းရှိ သဲဖြူချောင်း၊ ပွတ်စုရွာရှိ ရုံးပတီသီး စိုက်ပျိုးသူ များထံမှ တစ်ဆင့်ရောင်းချလျက်ရှိပြီး ရုံးပတီသီး ၁၀ ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဝါးနွယ်မျှစ်များကို တောင်ငူမြို့၊ ရေတာရှည်မြို့နယ်ရှိ ဝါးပင်များအောက်ခြေမှ ဝါးအနုကို ခုတ်ယူရရှိပြီး ရရှိလာသောဝါးအနုများကို ရေနှင့်နနွင်းမှုန့်ထည့်ကာ အချိန် ၃နာရီ ၄နာရီ ခန့် ပြုတ်ပြီး ဝါးနွယ်မျှစ်များကို ၁၀ ကျပ်သားလျှင် ၅၀၀ ကျပ်၊ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ဘုရင့်နောင်ဈေး နှင့် ညောင်ပင်လေးဈေး အတွင်းရှိ ငါးပိ ဈေးကွက်အခြေအနေ

တောင်ငူမြို့နယ်ရှိ ညောင်ပင်လေးဈေးသည် တောင်ငူမြို့၏ အချက်အချာကျရာ ဟင်းသီး ဟင်းရွက် အသား/ငါး များအပြင် ငါးပိ /ငါးခြောက်များလည်း လက်လီ/လက်ကား ဝယ်ယူရောင်းချရာ ကောင်းသော ဈေးဖြစ်ပါသည်။ မြန်မာလူမျိုးအများစုသည် ထမင်းစားရာတွင် ငါးပိရည် တို့စရာကို အသားဟင်းထက် ပိုမိုကြိုက်နှစ်သက်သည်ဖြစ်ရာ တောင်ပေါ်ဒေသများမှလည်း ဒေသထွက် အသီးအနှံ များကို လာရောက်ရောင်းချပြီး ငါးပိများကို ပြန်လည်သယ်ယူကြရာ တောင်ငူမြို့ ညောင်ပင်လေးဈေးနှင့် စာတိုက်လမ်းကြားရှိ ငါးပိဆိုင်သည် လူတန်းစားအသီးသီး ဝယ်ယူစားသုံးနိုင်အောင် ငါးမျိုးစုံငါးပိကို ဈေးအမျိုးမျိုးဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိသည်။

ငါးအသေးမျိုးစုံငါးပိနှင့် ငါးဖောင်ရိုး ငါးပိမှာ ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ ငါးဇင်းရိုင်း သီးသန့် ငါးပိမှာ ၁ ပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ငါးပြင်းမ ငါးပိ မှာ ၁ ပိဿာ ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ ငါးရံ သီးသန့်ငါးပိ မှာ ၁ ပိဿာ ၇၀၀၀ ကျပ် မှ ၉၀၀၀ ကျပ်ဖြင့် အသီးသီးရှိပြီး ၊ ဝက်များကိုကျွေးသော ဝက်စာ(ငါးပိညံ့) ငါးပိမှာ ၁ ပိဿာ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ဖြစ်၍ ငါးပိစိမ်းစားမှာ ၁ ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးပိ အချိန် ၃ ပိဿာ နှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိ၍ အရောင်းအဝယ်မှာလည်း သွက်လျှက်ရှိကြောင်း ရောင်းချသည့်ဈေးသည်များထံမှသတင်းရရှိပါသည်။

DOCA(ပဲခူး)

ပိုတက်ဆီယမ်ကြွယ်ဝသောငှက်ပျောသီးဈေးကွက်ဈေးနှုန်း

          ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသစ်သီးအမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ငှက်ပျောမျိုးကွဲများစွာဖြင့် စိုက်ပျိုးထွက်ရှိမှု အများဆုံးသစ်သီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင် စိုက်ပျိုးထွက်ရှိသည့် သီးနှံဖြစ်သည်။ ငှက်ပျောသီးတွင် ပိုတက်စီယမ်ဓါတ်၊ ဗီတာမင်(B6)၊ ဗီတာမင်(C)၊ မဂ္ဂနီဆီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်အနည်းငယ်တို့ ပါဝင်ကြောင်း၊ ငှက်ပျောသီးတွင် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း(Antioxidants) များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု ကိုကာကွယ်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အသားအရေနှင့် ကျန်းမာရေးကို ထိန်းသိမ်း ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်းတို့ကို အထောက်အကူပြုကြောင်း သိရှိရသည်။

            မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ငှက်ပျောသီးများ၏(၆၀%)ခန့်ကို ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ အဓိကဝင်ရောက်လျက်ရှိပြီး (၄၀%)ခန့်ကို တောင်ငူ၊ ပခုက္ကူ၊ ညောင်ဦး၊ ပုပ္ပါးဒေသတို့မှ အနည်းငယ်စီ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ငှက်ပျောသီးအစိမ်းများသည် တာရှည်ခံသဖြင့် သာသနာပွဲ၊ နတ်ပွဲစသည့် ကန်တော့ပွဲများ တင်လှူပူဇော်ရန်အတွက် ဝယ်ယူအသုံးပြုကြပြီး ငှက်ပျောသီးအမှည့်များသည် တာရှည်မခံသောကြောင့် မုန့်ပဲသရေစာများတွင် ထည့်သွင်းအသုံးပြုရန်နှင့် စားသုံးရန်အတွက်သာ ဝယ်ယူကြကြောင်း၊   ငှက်ပျောသီးအစိမ်းများသည်    ငှက်ပျောသီးအမှည့်များထက်ဈေးနှုန်းမြင့်မားကြောင်း၊ နာမည်ကြီး/ တန်ခိုးကြီးဘုရားများတွင် အဓိဌာန်ဖြင့် လှူ၍ပူဇော်ပြီးနောက် ပြန်လည်စွန့်ထားသည့် ငှက်ပျောသီးများသည်လည်း ဘုရားပွဲကျ ငှက်ပျောသီးအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုလိုသူများအနေဖြင့် ဘုရားပွဲကျငှက်ပျောသီးများကိုသာဝယ်ယူ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

            ဈေးနှုန်းများအနေဖြင့် ဖီးကြမ်းအစိမ်း(အကြီး)တစ်ဖီးလျှင်(၅၅၀၀)ကျပ်မှ(၆၀၀၀)ကျပ်၊ ဖီး ကြမ်း အစိမ်း(အသေး)တစ်ဖီးလျှင်(၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်၊ ဖီးကြမ်းအမှည့်(အကြီး) တစ်ဖီး လျှင်(၃၀၀၀) ကျပ်မှ(၃၅၀၀)ကျပ်၊ ဖီးကြမ်းအမှည့်(အသေး)တစ်ဖီးလျှင်(၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်၊ ရခိုင်အစိမ်း(အကြီး) တစ်ဖီးလျှင်(၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်၊ ရခိုင်အစိမ်း(အသေး) တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ ရခိုင်အမှည့်(အကြီး)တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ ရခိုင် အမှည့် (အသေး)တစ်ဖီးလျှင်(၁၀၀၀) ကျပ်မှ(၁၅၀၀)ကျပ်၊ ဘုရားပွဲကျငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်းနှင့် ငှက်ပျောဖီးတွင်ပါဝင်သည့် ငှက်ပျောသီးများ၏ အကြီး၊ အသေးနှင့် အရေအတွက်အပေါ်မူတည်၍ (၂၀၀)ကျပ်မှ(၅၀၀)ကျပ် အထိ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

          ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၁၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူး လျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ကုလားပဲဆံ နှင့် ပဲတီဆံ တစ်ပြည်လျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟင်္သာတမြို့နယ်တွင် ကောက်စောစပါးများစတင်ထွက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပေါက်တန်းလေးကျေးရွာရှိ တောင်သူ ဦးကျော်လင်းအောင် ၏ အပင်သက် ၁၁၅ ရက်ရှိသော GW 11 စပါးမျိုး စိုက်ပျိုးထားသည့် ရေတော်မိုးတော် ၂၃ ဧကတွင် ကောက်စောမိုးစပါးများ စတင် ရိတ်သိမ်းခြင်းကို ဩဂုတ်လ ၂၃ ရက်တွင် စတင် ဆောင်ရွက်လျက်ရှိပါသည်။ မေ(၁၀) ရက်ခန့်က စတင်စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧက ပျမ်းမျှ ကုန်ကျစရိတ် ၆ သိန်းခွဲကျပ်ခန့်ကုန်ကျခဲ့ကြောင်းသိရှိရပါသည်။ ဩဂုတ် (၂၆) ရက်တွင် ၂၃ ဧကလုံး ရိတ်သိမ်းပြီးစီးခဲ့ပြီး တစ်ဧက ပျမ်းမျှ (၇၀) တင်းနှုန်းခန့်ထွက်ရှိ၍ အစိုဓာတ်ရာခိုင်နှုန်း ၃၀-၃၄ ကြားရှိပါသည်။ GW 11 စပါးမျိုးသည် အထွက်ကောင်းစပါးမျိုး ဖြစ်သော်လည်း ဦးကျော်လင်းအောင်၏ လယ်တွင် စပါးဖုံးတုန်းလုံးတုန်းအချိန်၌ မိုးများ၍ အဖုံးအတွင်း မိုးရေ ဝင်ခြင်း၊ ရင့်မှည့်ချိန်တွင်  ဖြုတ်ပိုးကျခြင်းတို့ကြောင့် အထွက်နှုန်းအနည်းငယ်ကျဆင်း ရကြောင်း လည်းသိရပါသည်။ ၂၀၂၅ ခုနှစ် ကောက်စောမိုးစပါး ပေါက်ဈေးမှာ ဩဂုတ်လ တတိယ သီတင်း ပတ်တွင် အစိုဓာတ် (၃၀-၃၄) ရာခိုင်နှုန်းနှင့် အလေးချိန် ၅၅ ပေါင် တစ်တင်းလျှင် ကွင်းပေါက်ဈေး  ဆယ်သိန်းငါးသောင်းကျပ်ဖြင့် ရောင်းချရပြီး ဟင်္သာတအရောက် အထိုင်ဈေးမှာ ၁၁သိန်းကျပ်ဖြင့် ရောင်းချရ လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်းသိရှိ ရပါသည်။

DOCA (ဧရာဝတီ)             

ရာသီပေါ်နှင်းပန်းဈေးနှုန်းအခြေအနေ

           မြင်းခြံမြို့အတွင်းရှိ ဒါးကျွန်းကျေးရွာ၊ နတ်ညွှန်းကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသော နှင်းပန်းများအား တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်နှင်းပန်း (၁၀) ခက်ပါတစ်စီးလျှင် (၁၅၀၀-၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အပွင့်အခက် အကြီး၊ အသေး၊ လတ်ဆတ်မှု အပေါ်တွင်မှုတည်၍ ဈေးနှုန်းများအနည်းငယ် ကွာခြားကြောင်း၊ စိုက်ပျိုးရာတွင် ကုန်စရိတ်သက်သာပြီး စီးပွားဖြစ်စိုက်ပျိုးသင့်သော အပင်ဖြစ်ကြောင်း၊ နှင်းပန်းများသည် ဘုရားပန်းထိုးရာတွင် မွှေးကြိုင်ပြီး တာရှည်ခံသဖြင့် လှပသောကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မိုးရာသီကာလတွင် နှင်းပန်များ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းချိုသာကြောင့် ဘုရားပန်းလှူသူများကြောင်း နှင်းပန်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။ နှင်းပန်းသည် ဥကိုစိုက်ပျိုးရသောအပင်ဖြစ်ကြောင်း၊ နှင်းခူ ရောဂါအတွက် နှင်းပန်းဥများကိုပါးပါးလှီးပြီး လေခြောက်ခံကာ၊ ၎င်းဥကို မီးနှင့်အပူပေးပြီး ပြာချ၍ ထိုပြာကို အုန်းဆီနှင့်ရော၍လိမ်းပါက အနာကွာကျပြီး နှင်းခူအစို၊ အခြောက်နာ သက်သာပျောက်ကင်းကြောင်းသိရှိရသည်။

DOCA(မန္တလေး)

သဘာဝအားဖြည့်အချိုရည်အုန်းစိမ်းရည်

             သဘာဝအနံ့အရသာနှင့်ပြည့်စုံသည့် အုန်းရည်သည် လူတိုင်းအတွက် ရွေးချယ်စရာ သဘာဝအချိုရည်တစ်မျိုးပင်ဖြစ်ကြောင်း အုန်းရည်တွင် ရေဓာတ်(၉၄%)နှင့် အဆီဓာတ် အနည်းငယ်သာပါဝင်သော်လည်း အုန်းနို့တွင် ရေဓာတ်(၅၀%)နှင့်အဆီဓာတ်အမြောက်အမြားပါဝင်နေသဖြင့် အုန်းရည်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း အုန်းနို့ကိုမူ ဆင်ခြင်စားသုံးသင့်ကြောင်း သိရှိရသည်။ အုန်းရည်တွင် အမိုင်နိုအက်ဆစ်၊ အင်ဇိုင်း၊ ဗီတာမင်(B)၊ ဗီတာမင်(C)၊ သံဓာတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များပါဝင်နေသဖြင့် ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ နှလုံးကိုကျန်းမာ   စေခြင်း၊ သွေးဖိအားကိုထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ဆံပင်ကိုအားဖြည့်ပေးခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရှိရသည်။ အုန်းသီးနုနု၏ အုန်းရည်သည် ပိုတက်စီယမ်၊ ဆိုဒီယမ်နှင့် ဂလူးကို့စ်ဓာတ်များ ပြည့်ဝစွာပါဝင်သည့်အတွက် အားကစားသမားများနှင့် လေ့ကျင့်ခန်းပြုလုပ်ပြီးသူများ သောက်သုံးပါက ရေဓာတ်ကို လျှင်မြန်စွာဖြည့်ဆည်းပေးနိုင်သဖြင့် အားအင်ပြန်လည်ပြည့်ဖြိုး လန်းဆန်းစေကြောင်း သိရှိရသည်။ အုန်းဆီသည် အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ရုံ သာမကရောဂါပိုးမွှားများကိုလည်း သေစေနိုင်ပြီး ဆံပင်နှင့် ဦးရေပြားကိုအားဖြည့်ပေးနိုင်ကြောင်း သိရှိရသည်။

          မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသည့် အုန်းသီးများကို အုန်းသီးအညှာတံပါသည့် ဆွဲအုန်း(ခေါ်)အုန်းစို(ခေါ်)အုန်းစိမ်းနှင့် အခွံများခွာထားသည့် အုန်းပေါက်ဟူ၍ နှစ်မျိုးခွဲခြားရောင်းချရကြောင်း၊ အုန်းစိမ်းကို ဘုရားသာသနာပွဲများ၊ ရဟန်းသံဃာ ကန်တော့ပွဲများနှင့် သာရေး၊ နာရေးကန်တော့ပွဲများတွင်လည်းကောင်း၊ မိရိုးဖလာအိမ်တွင်းနတ်စင်များတွင် နတ်အုန်းအဖြစ်လည်းကောင်း ဝယ်ယူသုံးစွဲကြပြီး အုန်းပေါက်ကိုမူ အုန်းသီးဆံခြစ်၍ မြန်မာ့ရိုးရာမုန့်များတွင် ထည့်သွင်းအသုံးပြုခြင်းများ၊ အုန်းနို့ထုတ်လုပ်ခြင်းများအတွက် ဝယ်ယူလေ့ရှိကြောင်း သိရှိရသည်။ အုန်းသီးဈေးနှုန်းများအနေဖြင့် အုန်းစိမ်းတစ်လုံးလျှင် (၄၀၀၀) ကျပ်မှ (၅၅၀၀)ကျပ်အထိ ရှိပြီး အုန်းပေါက်တစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိရောင်း ချလျက်ရှိကြောင်းနှင့် အုန်းသီးအရွယ်အစားအလိုက် (၅၀၀)ကျပ်မှ  (၁၀၀၀)ကျပ်အထိ  ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့တွင် ရောင်းဝယ်လျက်ရှိသည့် အုန်းသီးများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ဝင်ရောက်လျက်ရှိပြီး ယင်းအုန်းသီးများကို ရန်ကုန်အုန်းဟူ၍ သာခေါ်ဝေါ်ကြောင်း၊ တောင်ငူမှ ဝင်ရောက်သည့် တောင်ငူအုန်းမှာ ယနေ့အချိန်တွင် ဝင်ရောက်မှုမရှိသလောက် နည်းပါးကြောင်းနှင့် ရန်ကုန်အုန်း တစ်မျိုးတည်းကိုသာရောင်းဝယ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဇလွန်မြို့နယ်မှ စီးပွားဖြစ် ဂန္ဓမာပန်းစိုက်ပျိူးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တွင် တောင်သူအချို့သည် မိုးရာသီ၌ ပန်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပြီး ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂန္ဓမာအုပ်စုဝင် စူပါကျောက်စိမ်း နှင့် မြနှင်းပုလဲ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ၇၉၁ ဧက စိုက်ပျိုးထားရှိပါသည်။ စူပါကျောက် စိမ်းမျိုးသည် အဖြူရောင်အပွင့်တွင် အစိမ်းရောင်ဝတ်ဆံရှိပြီး မြနှင်းပုလဲသည် အဖြူရောင်အပွင့်တွင် ခရမ်းရောင်သန်းသည့်ဝတ်ဆံရှိပါသည်။

          ဇလွန်မြို့နယ်၊ သဲကုန်းကျေးရွာမှ ကျောက်စိမ်းပုလဲ အပင် ၅၀၀၀ စိုက်ပျိုးသူ တောင်သူ ဦးနိုင်လင်းဦးနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ကွင်းဆင်းစုံစမ်းခဲ့ရာ စူပါကျောက် စိမ်း ဂန္ဓမာ ပန်းမျိုးများကို ပန်းပွဲစားများမှတဆင့် ပြင်ဦးလွင်မှ မှာယူရပြီး ပျိုးတစ်ပင်လျှင် ၃၀ ကျပ်မှ ၃၅ ကျပ်ခန့်ပေးရပါသည်။ အပင် ငါးထောင်စိုက်ပျိုးရန်အတွက် ပျိုးပင်ဘိုး တစ်သိန်းခွဲ ကျပ်၊ ပျိုးဘောင်ဘိုး နှင့် စိုက်ခ အတွက် တစ်သိန်းကျပ်၊ပန်းမိုးပလတ်စတစ် တစ်စအတွက် တစ်သိန်းခွဲ ကျပ်၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာဘိုး နှစ်သိန်းခွဲကျပ်ခန့်နှင့် ညအလင်းရောင်ပေးရန် အတွက် ၁၃ ဝပ် မီးသီးအလုံး ၃၀ နှင့် မီးကြိုးမီခေါင်းဘိုး တစ်သိန်းခွဲကျပ် စုစုပေါင်း ရှစ်သိန်းကျပ်ခန့် ကုန်ကျပါသည်။ မီးသီး၊ မီးခေါင်းနှင့် မီးကြိုးများကို နောက်နှစ်စိုက်ချိန်တွင်ပြန်လည်အသုံးပြုနိုင် ပါသည်။

          စူပါကျောက်စိမ်း ဂန္ဓမာပန်းကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး ၄ လအကြာ အောက်တိုဘာလ ကုန် စက်တင်ဘာလဆန်းတွင် စတင်ခူးရပါသည်။ အပင်သက် ၁၅ ရက်တွင်ထိပ်ဖြတ်၍ အတက် ၃ တက် ဖြာထွက်ပြီး တစ်တက်လျှင် ၃ ပွင့်မှ ၄ပွင့်ထိ ပွင့်နိုင်ပါသည်။ပန်းပွင့်အရွယ်အစားကိုလိုက်၍ ခူးရ ပြီး အပင် ငါးထောင်အတွက် စခူးချိန်မှ အပင်ကုန်ခူးပြီးချိန်ထိ ၁၅ ရက်ခန့်ကြာမြင့်ပါသည်။ စူပါ ကျောက်စိမ်း ဂန္ဓမာပန်း နှစ်ပင် (အပွင့် ၂၀ခန့်) ပါတစ်စီးကို ၂၀၂၄ ခုနှစ် တွင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ထိရောင်းချရပြီး အပင် ၅၀၀၀ ပန်းတစ်ခင်းလျှင် တစ်ဆယ့်ငါးသိန်းခန့် ဝင်ငွေရရှိနိုင်ပြီး ခုနှစ်သိန်း ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။

          ဇလွန်မြို့နယ်မှ ထွက်ရှိသော စူပါကျောက်စိမ်း ဂန္ဓမာပန်းများကို ရန်ကုန် သီရိမင်္ဂလာဈေး နှင့် ဟင်္သာတ ၊ ပုသိမ်၊ မြန်အောင်မြို့များသို့တင်ပို့ရောင်းချကြပါသည်။ ဂန္ဓမာအပင် ၅၀၀၀ စိုက်ပျိုး ရန်အတွက် အလျား ပေ ၄၀၊ အနံ ၇၅ ပေခန့် ကျယ်ဝန်းသော မြေကွက် တွင် စိုက်ပျိုးနိုင်ပြီး တစ်ဧက ၏ ၁၄ ပုံ ၁ပုံကျယ်ဝန်းသော မြေကွက်သာ လိုအပ်ပါသည်။ မြေတစ်ဧကတွင် အပင် ၇၀၀၀၀ မှ ၈၀၀၀၀ ကြားထိ စိုက်ပျိုးနိုင်ပါသည်။ မြေအကျယ် နည်းနည်းတွင် အရင်းအနှီးနည်းနည်းဖြင့် ထက်ဝက်ခန့်အကျိုးအမြတ်ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသော ဇလွန်မြို့နယ်မှ ဂန္ဓမာပန်း စိုက်ပျိုး ခြင်းကို လေ့လာတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံဒေသထွက်ဖရဲသီးများဈေးနှုန်းကျဆင်းလာခြင်း

            မြင်းခြံမြို့သည် ဆည်ရေသောက်ဧရိယာ အသင့်အတင့်ရှိပြီး သစ်သီးဝလံပင်များ စိုက်ပျိုးလျက်ရှိရာ ဖရဲသီးအသေးမျိုးကို ရွာသာရွာ၊ ဖရင်းကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၎င်းရွာများမှ ထွက်ရှိသည့် ဖရဲသီးများကို ဒေသတွင်းစားသုံးရန်နှင့် တောင်သာမြို့သို့လည်း တင်ပို့်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလပထမပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ဖရဲသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ်လပထမပတ်တွင် ဖရဲသီးတစ်လုံးလျှင် (၁၅၀၀-၂၀၀၀) ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ဖရဲသီးတစ်လုံးလျှင်  (၅၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ အရွယ်အစား အကြီးအသေး နှင့် အသီးလတ်ဆတ်မှု အပေါ်မူတည်၍ ဈေးနှုန်းများကွာခြားမှုရှိကြောင်း၊ စားသုံးသူများပြားသဖြင့် ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။   ရေဓာတ်ပြည့်ဝသော ဖရဲသီးသည် ကိုယ်ခံအားကိုတိုး၍ အအေးမိတုပ်ကွေး ရောဂါများသက်သာစေကြောင်း၊ အခွံတွင်ပါဝင်သော ရေဓာတ်သည် ကျောက်ကပ်ရောဂါသက်သာကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော  ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ဈေးကွက်  အတွင်း  ကြက်ဥ၊ ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ ဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလက် (၅၀၀) ကျပ်နှင့် အကြီး(၅၅၀) ကျပ် အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊  ဘဲဥ ဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥ နှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း