Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ပန်းဈေးကွက်၌ အရောင်းသွက်နေသည့်  သပြေပန်းနှင့် ဂန္ဓမာပန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေ ကြောင်း သိရသည်။

         သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်း၊ အနီရောင်အဆင်းရှိသောကြောင့် လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေး ကွက်တွင် သပြေပန်းခက်(၁)စီးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်၊ သပြေငုတ်အကြီး(၁)ငုတ်လျှင် (၅၀၀၀) ကျပ်နှင့် အသေး(၁)ငုတ်လျှင် (၂၀၀၀မှ ၃၀၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ ဂန္ဓမာပန်း(၁)စည်း လျှင် (၂၀၀၀မှ ၂၅၀၀)ကျပ်၊ (၃)စည်းလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ် အတွင်း သပြေပန်း(၁)စည်းလျှင်(၅၀၀မှ ၁၀၀၀)ကျပ်မြင့်တက်လာကြောင်း  ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ပခုက္ကူမြို့မဈေး၌  ခရမ်းချဉ်သီးဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂) ဈေးတို့ တွင် အိမ်ရှင်မများအတွက် ဟင်းလျာတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးများ ဈေးကျဆင်းပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ခရမ်းချဉ်သီးများကို  မိမိတို့ဒေသမှ မထွက်ရှိသေး၍ အခြားပြည်နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အခြားပြည်နယ်ဖြစ်သော ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း ပုပ္ပါးနယ်မှ ထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဈေးနှုန်းဈေးကွက် အနေဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသောခရမ်းချဉ်သီး မှာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် အရည်အသွေးနှင့် အလုံးအရွယ်အစားအလိုက် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဩဂုတ်လ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ပြည်တွင်းသုံးစွဲမှုများသော ပဲကြီးသီးနှံဈေးနှုန်းမြင့်တက်လာ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲကြီးသီးနှံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး စိုက်ဧက(၁၀၀၀၀)ခန့် စိုက်ပျိးရာတွင် ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များတွင် အဓိက စိုက်ပျိုးပြီး ဈေးကွက်သို့ ဝင်ရောက်ပြီး အခြား မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် မေလအစောပိုင်းမှစတင်၍ ပဲကြီးဈေးနှုန်းမြင့်တက်လာပြီး ပဲကြီးတစ်တင်း လျှင် ကျပ်(၉၅၀၀၀-၈၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်) တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၁၂၅၀၀၀-၁၂၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇူလိုင်လ (တတိယပတ်)တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀-၉၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ပဲကြီးတစ်တင်းလျှင် ကျပ်(၂၀၀၀၀)ခန့် ဈေးနှုန်းမြင့်တက်လာ ကြောင်း၊ ပဲကြီးမှာပြည်တွင်းစားသုံးမှုများသော ပဲတစ်မျိုးဖြစ်ပြီး ဈေးကွက်ဝယ်လိုအားနှင့် ပဲလက် ကျန်အနည်းအများပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ပဲလက်ကျန်နည်းပြီး ဈေးကွက်ဝယ်လိုအား များလျက်ရှိခြင်းကြောင့် ပဲကြီးဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာကြောင်း ပခုက္ကူမြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိပါသည်။

DOCA(မကွေး)

 

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော မုန့်ညှင်းဖြူထုပ်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ရွှေပဲသီး၊ မုန့်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှမှာယူ ရောင်းချကြောင်း သိရှိရသည်။

        ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ မုန့်ညှင်းဖြူထုပ် လက်လီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ လက်က္ကားတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ညှင်းဖြူထုပ်ကို စားသောက်ဆိုင်များက အဓိကဝယ်ယူလျက်ရှိပြီး အိမ်ရှင်မ များကလည်းဝယ်ယူကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

 

 

ကန့်ဘလူမြို့၌ အညာဒေသထွက် မြေပဲယိုများအရောင်းသွက်နေ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုတ်လျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ယခု အချိန်ခါသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာသီဖြစ်သောကြောင့် တောင်သူဦးကြီးများသည် အဆာပြေ၊ အမေားပြေစေရန် ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးကြသောကြောင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 

         

         

ရုံးပတီသီး၏ကောင်းကျိုးများနှင့်ဈေးနှုန်းဈေးကွက်

    ရုံးပတီသီးဆိုသည်မှာ ပန်းပွင့်သည့်အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာတော်တော်များများတွင် ပေါက်ရောက်လေ့ရှိပါသည်။ ရုံးပတီသီးကိုကြော်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ ပဲဟင်းနှင့် ချက်စားခြင်း၊ အတို့အမြှုပ်အဖြစ်စားသုံးခြင်း၊ ကင်ပြီးစားခြင်း၊ ဆီပူထိုးပြီး အချဉ်ရည်နှင့်တို့စား ခြင်းစသည်ဖြင့် အမျိုးမျိုးချက်ပြုတ်ပြုလုပ်စားသုံးလေ့ရှိကြသည်။ ရုံးပတီသီးတွင်ကျန်းမာရေး အတွက်အထောက်အကူပြုစေနိုင်သော အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာရရှိစေပါသည်။ ရုံးပတီသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်များစွာကိုရရှိစေပြီး သဘာဝဝမ်းနှုတ်ဆေးအဖြစ်အသုံး ပြုနိုင်ပါသည်။ အမြင်အာရုံနှင့်အရေပြားကျန်းမာရေးအတွက်အထောက်အပံ့ပေးပြီး ကိုယ်ခံအား စနစ်ကိုလည်းကောင်းမွန်စေပါသည်။ ကိုယ်ဝန် ဆောင်မိခင်များအနေဖြင့်လည်း လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးပြီး ကလေးငယ်များကိုမွေးရာပါချို့ယွင်းချက်မပါအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ အရိုးကျန်းမာရေးအတွက်လည်း အရေးပါသလို သွေးတိတ်စေသည့်နေရာ တွင်လည်း အရေးပါသောဗီတာမင်တစ်မျိုးဖြစ်သည့် ဗီတာမင်ကေကြွယ်ဝစွာပါဝင်ပါသည်။ ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများသည့်အပြင် အမျိုးမျိုးချက်ပြုတ်စားသောက်နိုင် သောရုံးပတီသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ ကုန်စိမ်းရောင်းချသည့်ဆိုင်များတွင် (၁၀) ကျပ်သားလျှင် (၄၀၀) ကျပ်၊ (၂၅) ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။

DOCA(မန္တလေး)

ခဝဲသီးစားသုံးခြင်းဖြင့်ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

   ခဝဲသီးတွင်အဆီပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုလည်းနည်းကာ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဇင့်၊ သီရာမင်း၊ သံဓာတ်နှင့်မဂ္ဂနီဆီယမ်ကဲ့သို့သော အာဟာရဓာတ်များပါဝင်သောကြောင့် ကျန်း မာရေးအတွက်အကျိုးများစွာရှိပါသည်။ ခဝဲသီးချိုချိုလေးကိုဟင်းရည်ချက်စားစား၊ ဆီပြန်ချက်စား စား၊ အရသာရှိလှပါသည်။ ခဝဲသီးသည်သွေးထဲမှအညစ်ကြေးများကို အထိရောက်ဆုံးသန့်စင်ပေး နိုင်ပြီး အသည်းကိုကျန်းမာအောင်လုပ်ဆောင်ပေးနိုင်ပါသည်။ အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ အသားဝါရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ချေကိုလျော့နည်းစေခြင်း၊ ဝိတ်ကျစေရန် ကူညီ ပေးခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ လေအောင့်ခြင်း၊ လေနာခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းများကိုသက်သာစေခြင်းစသည့် အစာအိမ် ပြဿာနာများမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ ကျန်းမာရေးအကျိုးကျေးဇူးများသည့် အပြင် အိမ်ရှင်မများအတွက် ဈေးဖိုးသက်သာပြီး ထမင်းမြိန်စေသောခဝဲသီးကို မြင်းခြံမြို့၊ အေးမြသီ တာဈေးတွင် ၂၅ကျပ်သားလျှင်(၈၀၀-၁၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

DOCA(မန္တလေး)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် စပါးလင်နှင့် ကြက်သွန်မြိတ်ဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

           ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စပါးလင်ပင်နှင့် ကြက်သွန်မြိတ်များကို စိုက်ပျိုးကြကြောင်း၊ စပါးလင်ပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း စပါးလင်(၁၁)ပင်လျှင် (၁၀၀၀)ကျပ်၊ (၅)ပင်လျှင် (၅၀၀)ကျပ်၊ (၁)ပင်လျှင်(၁၀၀)ကျပ်နှင့် ကြက်သွန်မြိတ်(၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂) စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်မြိတ်ကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များတွင်လည်းကောင်း အသုံးပြုကြကြောင်း၊ စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင်ဖြစ်လည်းကောင်း၊ စားသောက်ဆိုင်များ၌ ငါးကင်၊ ငါးပေါင်းများပြုလုပ်ရာတွင်လည်းကောင်း၊ မုန့်ဟင်းခါးချက်ရာတွင်လည်း စပါးလင်ကိုထည့်သွင်းအသုံးပြုကြသဖြင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချနေသော ငါးကြင်း()ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ်၊ ဩဂုတ်လ တတိယ ပတ်အတွင်း ငါးမြင်း()ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ငါးတန် ()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ငါးများကိုစားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက် ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

သကြားစားသုံးခြင်းကြောင့်ဖြစ်လာနိုင်သောနောက်ဆက်တွဲဆိုးကျိုးများ

   သကြားဆိုသည်မှာ များသောအားဖြင့် အစားအစာများနှင့်‌သောက်စရာများတွင် ပါလေ့ရှိ သော ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပါသည်။ ကော်ဖီနှင့်အခြားသော မြန်မာမုန့်များစားသည့် အခါ တွင်လည်း သကြားကိုတွဲဖက်၍ စားလေ့ရှိကြပါသည်။ ဟင်းချက်သည့်အခါထည့်သုံးလေ့ရှိကြသလို သစ်သီးဖျော်ရည်များတွင်လည်းထည့်ကြပါသည်။ အချိုပွဲတော်တော်များများတွင်လည်း သကြားသည်မပါမဖြစ်အသုံးပြုကြပါသည်။ သကြားသည်စွဲလမ်းတတ်စေသောသဘောရှိပါသည်။ အချို ရည်များ၊ ဒိုးနပ်စ်များ၊ မုန့်ချိုချိုလေးများကို တစ်ခါလောက်စားပြီးပါက နောက်ထပ်စားချင်လာခြင်း မှာ သကြားကြောင့်ဖြစ်လာသောစွဲလမ်းမှု့ကြောင့်ဖြစ်ပါသည်။ ခန္ဓာကိုယ်တွင်အင်အားပြည့်ဝစေဖို့  သကြားဓာတ်ကိုလိုအပ်သော်လည်း အများအပြားစားသုံးမိပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့် အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း၊ အာဟာရချို့တဲ့စေခြင်း၊ ဆီးချိုဖြစ်နိုင် ခြေများခြင်းစသည့်ရောဂါများအပြင် အသည်းအဆီဖုံးခြင်း၊ ဝက်ခြံဖြစ်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း၊ ဂေါက်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့်သိမြင်မှု စွမ်းရည်ကျဆင်း မှုများကိုခံစားရနိုင်ပါသည်။ သကြားသည်အများအပြားစားသုံးလျှင် ဆိုးကျိုးများရှိသော်လည်း သကြားနှင့်ပြုလုပ်ရသော မြန်မာမုန့်များရောင်းချသူများအနေဖြင့် သကြားကို ဝယ်ယူသုံးစွဲကြရပါသည်။ သကြားကိုကုန်စုံဆိုင်များနှင့် ဈေးများတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း