Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာပဲမျိုးစုံဈေးကွက်တွင် စားတော်ပဲ အရောင်းအဝယ်အေးလျက်ရှိ

  မိတ္ထီလာမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း စားတော်ပဲကို ဒေသတွင်းစိုက်ပျိုးမှုမရှိ၍ ဈေးကွက်အတွင်းစားတော်ပဲများကို မန္တလေးမှအဝင်များပြီး  တစ်ပတ်လျှင် အိတ်(၃၀-၅၀)ဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

   ဈေးကွက်အတွင်း ယခု ဒီဇင်ဘာလပထမပတ်တွင် စားတော်ပဲတစ်ပြည်လျှင် (၈၅၀၀-၉၀၀၀) ကျပ်၊ စားတော်ပဲ တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် စားတော်ပဲဈေးမှာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ စားတော်ပဲကို စားသောက်ဆိုင်များနှင့် ပဲပြုတ်ရောင်းချသူများမှဝယ်ယူကြပြီး ယခုလတွင်ပဲပြုတ်ရောင်းချသူများမှာ အရောင်းအဝယ်ပါး၍ ဈေးကွက်တွင်စားတော်ပဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း ပဲမျိုးစုံ ဈေးကွက် မှသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပဲလွမ်းပြာ၊ပဲလိပ်ပြာ၊ ပဲကြား၊ စွန်တာနီ၊ပဲနီလေး ဈေးနှုန်းဈေးကွက်အခြေအနေ

   မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် ပဲလွမ်းပြာ၊ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲများကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့်သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များမှလည်း ရာသီချိန်တွင် ဝင်ရောက်လျက်ရှိပြီး ယခုဒီဇင်ဘာ လဆန်းတွင်  ဒေသတွင်းထွက်ရှိမှုမရှိသေး၍ မန္တလေးမှ ပဲလွမ်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီ၊ နှင့်ပဲနီလေးများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။  

   မိတ္ထီလာဈေးကွက်၌ ဒီဇင်ဘာလပထမပတ်တွင် ပဲလွန်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲ ပဲနီလေးဈေးနှုန်းများမှာ ပဲလွန်းပြာတစ်တင်းလျှင်(၁၀၀၀၀၀)ကျပ် ၊ ပဲလိပ်ပြာ တစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ ပဲကြားတစ်တင်းလျှင်(၅၀၀၀၀)ကျပ်၊ စွန်တာနီပဲတစ်တင်းလျှင် (၁၆၀၀၀၀)ကျပ်၊ပဲနီလေး တစ်ပိဿာလျှင်(၉၅၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူ နှိုင်းယှဉ် လျှင်အရောင်းအဝယ်အေးသဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း ပဲလွန်းပြာကို ပဲပြုတ်လုပ်ငန်း၊ မုန့် လုပ်ငန်းများ၊ ပဲလိပ်ပြာနှင့်ပဲကြားကို ပဲလှော်လုပ်ငန်းများနှင့် စွန်တာနီပဲကို ပဲကြော်လုပ်ငန်းများမှ အများဆုံးဝယ်ယူကြောင်းသိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော ဆေးဘဲဥဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အတွင်းရှိ မီးဖိုချောင်သုံးသီးနှံများနှင့် ကြက်ဥ၊ ဘဲဥ၊ငုံးဥနှင့် ဆေးဘဲဥများကိုလည်း နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေး ကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဒေသအတွင်းလက်လီ/လက် ကား ဝယ်ယူသူများ၊ မြို့နယ်မှတစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ ရောင်းချနေကြောင်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဆေးဘဲဥများကို ရန်ကုန်မြို့မှတဆင့်ဝယ်ယူပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ဆေးဘဲဥများသည် ရာသီမရွေးထွက်ရှိပြီး စားသုံးသူများ လည်းများပြားကြောင်း သိရှိရပါသည်။‌မြိတ်မြို့ပေါ်ရှိအသုပ်ဆိုင်များတွင် ဆေးဘဲဥသုပ်များကို အများ အပြားရောင်းချကြ၍ လူကြိုက်များလှကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆေးဘဲ ဥဈေးနှုန်းမှာ တစ်လုံးလျှင် (၇၅၀)ကျပ်ရှိကြောင်း ဆေးဘဲဥရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်းမြှင့်တက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ယခုဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် သံပရာသီးတစ်လုံးလျှင် (၄၀၀)ကျပ်ထိရှိပြီး ဈေးနှုန်းမြှင့်တက်နေကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းသီးနုရည်(ခေါ်)အုန်းစိမ်းရည်

      တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသော အပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြား ပေါက်လေ့ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ အုန်းစိမ်းရည်ရောင်းချ ရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင်သူများ လည်းအလွန်ပင်များပြားလာကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ အုန်းစိမ်းရည်သည် ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အားအင်များကိုလည်းပြန်လည်ဖြည့်တင်းပေးပါ သည်။

          ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အုန်းစိမ်းရည် တစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် (၃၀၀၀)ကျပ်ရှိကြောင်း အုန်းသီးနုရောင်းသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ လိမ္မော်သီးဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိပြီး လိမ္မော်သီးကို ဖျော်ရည်များတွင် အများဆုံးသုံးစွဲ ကြသည်။ လိမ္မော်သီးတွင် ပျား လိမ္မော်သီးသည် အချိုဆုံးဖြစ်သည့်အတွက် လူကြိုက်များပြီး အရောင်း အဝယ်ကောင်းလျက်ရှိသည်။ ဒေသတွင်းမစိုက်ပျိုးနိုင်ခြင်းကြောင့် အခြားနေရာများမှ မှာယူလျက် ရှိကြောင်းသိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ် ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ ပျားလိမ္မော်သီး တစ်လုံးလျှင် (၅၀၀)ကျပ်နှင့် ရိုးရိုးလိမ္မော်သီးတစ်လုံးလျှင် (၁၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရိတိုင်း၊ မြိတ်မြို့နယ်ရှိ အခြေခံစားကုန်ဈေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုဒီဇင်ဘာလပထမပတ်အတွင်း အခြေခံ စားကုန်များသော ဧည့်မထတစ်ပြည်လျှင် (၂၈၀၀)ကျပ်မှ(၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာ လျှင် (၇၆၅၀) ကျပ်မှ (၇၅၉၅)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၂၆၀၀)ကျပ်၊ ငရုတ် ခြောက် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်)တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်မှ (၁၃၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင်(၇၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၅၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၇၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀)ကျပ်ထိ ဖြစ်ပေါ်နေပြီး ယခင်အပတ်ကဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက (၅၀၀)ကျပ်ခန့် အနည်းငယ် ပြောင်းလဲသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

ပြည်ခရိုင်အတွင်းရှိ ပဲလွမ်း၊ ထောပတ်ပဲ၊ ပဲနီပြား၊ ပဲပုတ်သီးနှံများ၏ ဈေးနှုန်း၊ ဈေးကွက်

     ပြည်ခရိုင်အတွင်းစိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသော ဒေသထုတ်ကုန်များမှာ ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ နှင့် ရာသီပေါ် ဟင်းသီးဟင်းရွက်များ နှင့် အသီးအနှံ များဖြစ်ကြ ပါသည်။ ထိုသီးနှံများကို မြို့နယ်များတွင် စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးမှုပိုလျှံမှသာ အခြားတိုင်း များနှင့် မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ပဲမျိုးစုံမှာ ဒေသအတွင်း စားသုံးမှုအပြင် ရန်ကုန် ဝယ်လက်များနှင့် မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိပြီး ဆီထွက်သီးနှံမှာ ဒေသတွင်းရှိ ဆီစက် လုပ်ငန်းရှင်များက ဆီကြိတ်ရန် ဝယ်ယူမှုရှိပြီး ပိုလျှံပါက နယ်ဝယ်လက်များက ဝယ်ယူမှုရှိ၍ ပြည်မြို့တွင် ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သောထုတ်ကုန်များမှာနေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပဲလွမ်းဖြူ

     ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ပဲလွမ်းဖြူဈေးမှာ နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် တစ်တင်းလျှင် (၈၅၀၀၀)ကျပ် မှ (၈၆၀၀၀)ကျပ်ဖြင့် မြို့တွင်း လက်လီသမားများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀/၂၅) အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ထောပတ်ပဲ

     ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ထောပတ်ပဲဈေးမှာ နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် တစ်တင်းလျှင် (၉၅၀၀၀)ကျပ် ဖြင့် မြို့တွင်းလက်လီသမားများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀/၂၅) အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ထောပတ်ပဲမှာ ပဲပြုတ်ရောင်းချသူများက ဝယ်ယူမှုရှိသလို စားသုံးသူများကလည်း ဝယ်ယူမှုရှိကြောင်း သိရပါသည်။

ပဲနီပြား

   ပြည်ဈေးကွက်တွင် ရောင်းချလျှက်ရှိသော ပဲနီပြားဈေးမှာ နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ် မှ (၁၁၀၀၀၀)ကျပ် ဖြင့် မြို့တွင်းလက်လီသမားများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀/၂၅) ခန့်နှင့် လက်ကားသများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀/၂၅) အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပဲပုတ်

     ပြည်ဈေးကွက်တွင် ရောင်းချလျှက်ရှိသော ပဲပုတ်ဈေးမှာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ် ဖြင့် မြို့တွင်းလက်လီသမားများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀/၂၅)ခန့်နှင့် လက်ကားသများမှ ဝယ်ယူမှုရှိ၍ တစ်နေ့ လျှင် အိတ် (၁၀၀/၂၀၀) ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   အဆိုပါပဲများသည် ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး အရောင်းအဝယ်မှာလည်း နေ့စဉ်ဖြစ်လျက်ရှိပါသည်။ 

DOCA(ပဲခူး)

ပြည်ခရိုင်၏ ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့် နှမ်းကိုသာ ဦးစားပေးစိုက်ပျိုးပြီး နေကြာကို သီးညှပ်အနေဖြင့်သာ စိုက်ပျိုးကြောင်း သိရပါသည်။ မြေပဲကို မိုး၊ ဆောင်း စိုက်ပျိုးကြပြီး နှမ်းကို နွေ၊ မိုး၊ ဆောင်းနှင့် နေကြာကို မိုး၊ ဆောင်း စိုက်ပျိုး ကြသဖြင့် တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံများကို စိုက်ပျိုးကြပါသည်။      ပြည်တွင်းစားသုံးဆီဖူလုံမှု ရှိစေရေး အတွက် နှမ်းနှင့် မြေပဲများကို အရည်အသွေးကောင်းသော မျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးမြေ ကောင်းမွန်ခြင်း၊ ရေသွင်းရေထုတ် ကောင်းမွန်ခြင်းတို့အပေါ် မူတည်၍ စိုက်ပျိုးနိုင် မည်ဆိုလျှင် အထွက်နှုန်းကောင်းပြီး အရည် အသွေးကောင်း ဆီထွက်သီးနှံများစွာ ရရှိနိုင်သည်ဖြစ်ပါမည်။

          ပြည်ခရိုင်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှမ်းစုစုပေါင်းစိုက်ဧကမှာ (၇၀၀၈၇)ဧက စိုက်ပျိုးပြီး (၃၁.၁၀.၂၀၂၅)အထိ (၆၆၉၃၉)ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧက အထွက်နှုန်း အနေဖြင့် (၁၇.၃၅)တင်းထွက်ရှိသည်ဟု သိရပါသည်။ ထိုအတူ မြေပဲစုစုပေါင်း စိုက်ဧကမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၆၀၃၃၆) ဧကစိုက်ပျိုးပြီး (၃၁.၁၀.၂၀၂၅)အထိ (၄၁၄၈၄)ဧက ရိတ်သိမ်း ပြီးဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၀.၉၆)တင်းထွက်ရှိပြီး နေကြာသီးနှံ အနေဖြင့် လည်း မိုးစိုက်ဧကမှာ (၂၈၆) ဧက စိုက်ပျိုးပြီး (၂၈၆)ဧကရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧက အထွက်နှုန်းမှာ (၁၈.၂၃)တင်းထွက်ရှိသည် ဟု သိရပါသည်။       

      ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နှမ်းနီ (၁)တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ နှမ်းနက်(၁)တင်းလျှင် (၁၇၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်း(၁)တင်းလျှင် (၂၃၃၀၀၀)ကျပ်ဖြင့် ပြည်မြို့ရှိပွဲရုံ များတွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်မှုအနေဖြင့် ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ အနည်းငယ်သာ ဝင်ရောက်မှုရှိပြီး အထွက်အနေဖြင့် အောင်လံ နှင့် မန္တလေးဘက်မှ ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင်  အိတ်(၁၀၀-၁၅၀)ခန့်အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ မြေပဲ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဆီကြိတ်မြေပဲဆန် (အဖြူ)တစ်ပိဿာလျှင် (၇၆၀၀-၇၇၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၆၀၀-၇၇၀၀)ကျပ် နှင့် မြေပဲဆန် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် (၈၁၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၁၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ် လျှက်ရှိပါသည်။ မြေပဲဆန် ဝင်ရောက်မှုအနေဖြင့် ရွှေတောင်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းဘက်မှ  တစ်နေ့လျှင် အိတ် (၃၀၀-၄၀၀)ခန့် ဝင်ရောက်မှု့ရှိပြီး မန္တလေးတိုင်းဘက်သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

          ဆီထွက်သီးနှံထွက်ရှိမှုအခြေအနေအရ ဆီထွက်သီးနှံအားလုံးကို ကြိတ်ခွဲစားသုံးမည်ဆိုပါက ဆီဖူလှုံမှုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဆီထွက်သီးနှံများအား တိုးချဲ့စိုက်ပျိုးနိုင် မည်ဆိုလျှင် ပြည်တွင်းစားသုံးဆီဖူလှုံမည် ဖြစ်သည့်အပြင် သီနှံများကိုလည်း ပြည်ပတင်သွင်းကုန် အဖြစ် ပေးပို့နိုင်မည်ဖြစ်ပါသည်။ စားသုံးဆီဖူလုံစေရန်နှင့် စားသုံးသူ ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းလုံခြုံစွာ စားသုံးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စားသုံးဆီ များကို ဈေးကွက် အတွင်း ပေါများစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဆီထွက်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ် ပတ်လုံး စိုက်ပျိုးကြရန်ဖြစ်ပြီး အထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေး သွင်းအားစု များကို စနစ်တကျ သုံးစွဲကြရန် ရောဂါပိုးမွှားများ မကျရောက်အောင် ကြိုတင် ကာကွယ်နှိမ်နင်းခြင်း နည်းပညာ များကို လိုအပ်ပါသည်။ သို့မှသာ ဆီထွက်သီးနှံများ များစွာ အထွက်နှုန်းရရှိမှာဖြစ်ပြီး မိမိတို့ဒေသအတွင်း စားရေးရိက္ခာဖူလုံ၍ ပြည်တွင်း စားသုံးရန်ဆီများလည်း ဖူလှုံလာနိုင်မည်ဖြစ်ပါသည်။ ထိုသို့ပြည်တွင်း စားသုံးဆီဖူလုံလျှင် ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီများကို စားသုံးခြင်းမရှိဘဲ ကျန်းမာရေး အရလည်း သင့်တင့်လျောက်ပတ်စွာ အထောက် အကူများလည်း ရရှိမည်ဖြစ်ပါသည်။

          စားသုံးသူပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးအတွက် ဆီစက်များ အား အဆင့်မြှင့်တင်၍ ဆီကြိတ်နိုင်ရန်အတွက် ဆီစက်များမှာလည်း ကြံ့ခိုင်မှုရှိရန် လိုအပ်ပါသည်။ နှမ်း နှင့် မြေပဲများကို ဆီကြိတ်လျှင် ဆီထွက်ရှိမှုမှာ လူအများစားသုံးရန် အတွက်ဖြစ်ပြီး နောက်ဆုံး ထွက်ရှိသော မြေပဲဖတ်၊ နှမ်းဖတ်များလည်း ရရှိသဖြင့် တိရိစ္ဆာန် အစာ အတွက်လည်း ဖူလှုံနိုင်မည် ဖြစ်ပါသည်။ ဆီထွက်သီးနှံစိုက်ပျိုးသူများ အနေဖြင့် မွေးမြူရေး လုပ်ငန်းများကိုလည်း တွဲဖက်၍လုပ်ကိုင် လာနိုင်လျှင် မိမိလယ်မှ ထွက်ရှိသော မြေပဲ၊ နှမ်းနှင့် နေကြာများကို တစ်နိုင်တစ်ပိုင် ကျေးရွာများတွင် ဆုံဆီများဖြင့် ဆီကြိတ်ပြီး မိမိဘာသာ စားသုံးသလို ဈေးကွက်တွင် ရောင်းချသည့်အပြင် ထွက်ရှိ လာသော မြေပဲဖတ်၊ နှမ်းဖတ်များနှင့် နေကြာကြိတ်ဖတ်များကို တိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြု နိုင်သဖြင့် လွှင့်ပစ်စရာမရှိဘဲ ဝင်ငွေများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဆီထွက်သီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ပါက ပြည်ပမှတင်သွင်းလာသော စားအုန်းဆီအစား ပြည်တွင်းမှာထွက်ရှိသော ဆီများ ကို စားသောက်နိုင်ပါက လုံခြုံစိတ်ချမှုရှိပြီး ဘေးအန္တရာယ်များလည်း ကင်းရှင်းနိုင်မှာဖြစ်ပြီး တိရိစ္ဆာန် အစား အစာအတွက်လည်း ပြည်ပမှ တင်သွင်းခြင်းမရှိဘဲ ပြည်တွင်း  ထွက် တိရိစ္ဆာန်အစား အစာများ အားအသုံးပြုနိုင်ခြင်းကြောင့် နိုင်ငံတော်အတွက်လည်း ကုန်သွယ်မှုလိုငွေများ လျော့ချနိုင်မည် ဖြစ်ပါသည်။

       ထို့ကြောင့် စားသုံးဆီများပိုလျှံရန်အတွက် ဆီထွက်သီးနှံများကို နွေ၊ မိုး၊ ဆောင်း တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါသည်။ တောင်သူများအတွက်လည်း မိမိတို့စိုက်ပျိုးထားသောသီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် မိုးရေကိုသာ မျှော်ကိုး၍ သမရိုးကျစိုက်ပျိုးကြမည်ဆိုလျှင် သီးနှံများရည်မှန်းသလောက်ရရှိနိုင်မည်မဟုတ်ဘဲ ရာသီဉတုနှင့်ကိုက်ညီသည့် အတွက်နှုန်းကောင်း မျိုးသန့်မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်မည်ဆိုလျှင် အထွက်နှုန်းများတိုးပြီး လူနေမှုဘဝများ လည်းမြင့်တက်လာမည်ဖြစ်ပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့နယ်အတွင်းရှိ ပဲစောင်းလျားသီးဈေးနှုန်း

     ပဲစောင်းလျားသီးသည် အပူပိုင်းဒေသတွင်ပေါက်ရောက်သော ပဲပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံရှိအညာ ဒေသများတွင်အများဆုံးစိုက်ပျိုးပြီး  ပဲမြစ်အပင်မှထွက်ရှိကာ နုန်းမြေအမျိုးအစားတွင် ကောင်းစွာရှင်သန် ပေါက်ရောက်ပါသည်။ ပဲစောင်းလျားသီးသည် အတိုမျိုးနှင့်အရှည်မျိုးဟူ၍ အမျိုးအစား ၂ မျိုးရှိပြီး ဈေးကွက်ထဲတွင် အတိုမျိုးကိုသာ အများဆုံးတွေ့ရလေ့ရှိပါသည်။ ပဲစောင်းလျားသီးကို စိုက်ပျိုးပြီး ရက် ၁၀၀ အကြာတွင် ခူးဆွတ်နိုင်ပြီး ပဲစောင်းလျားသီးများအား အနုအရင့်ခွဲခြားပြီး ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြပါသည်။ ပဲစောင်းလျားသီးသည် ဆေးဖက်ဝင်သည့်အပြင် သတ္တုဓာတ်များစွာပါဝင်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါသည်။

    ပဲစောင်းလျားသီးကို ပြုတ်စားခြင်း၊ သုတ်စားခြင်း၊ ငါးပိရည်နှင့်တွဲဖက်၍ အတို့အမြှုပ် အဖြစ်စားသုံးခြင်း၊ အချဉ်ရည်ဟင်းအဖြစ်ချက်စားခြင်းဖြင့် အမျိုးမျိုးပြုလုပ် စားသုံးနိုင်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စည်ပင်သာယာဈေးအတွင်းတွင် ပဲစောင်းလျား သီးများကို ၅၀ ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ ၁ ပိဿာ လျှင် ၃၀၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိနေပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း