Main menu

HighLight News

Powered by Drupal

ဒေးဒရဲမြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များတွင် Bella Plus Plaster ရောင်းချနေမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ဒေးဒရဲမြို့နယ်စစ်ဆေးရေးအရာရှိဦးသိန်းမောင် သည် (၁၆.၅.၂၀၂၂)ရက်နေ့နေ့လည်(၀၂:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ အလှကုန်အရောင်း ဆိုင်များတွင် Bella Plus Plaster ရောင်းချနေမှုရှိ/မရှိဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ဒေးဒရဲမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များတွင် Bella Plus Plaster ရောင်းချနေမှုရှိ/မရှိ စစ်ဆေးရာ ရောင်းချနေမှုမရှိကြောင်း တွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးအရာရှိသည် အလှကုန်အရောင်းဆိုင်များကို တရားမဝင်ကုန်စည်များ ရောင်းချခြင်းမပြုရန် ၊ ဝယ်ယူသုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစည်းများသာရောင်းချရန်၊ ဥပဒေနှင့်အတိုက်ညီသည့် ကုန်ပစ္စည်းများရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖြင့် မြို့ပေါ်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ မေလ(၁၈)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်၊ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးစိုင်းဘိုဘိုထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ နှင့်ကုန်စည်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၂၊၄၃၊၄၄ ပါပြဌာန်းချက်များနှင့်အညီ ကုန်စည်များကို ထုတ်လုပ်ရောင်းချရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့၌ဆီစက်ပိုင်ရှင်နှင့် လုပ်ငန်းရှင်တွေ့ဆုံ၍ အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းမြင့် မြို့နယ်တာဝန်ခံသည် မေလ ၁၆ ရက်က ပုသိမ်မြို့၊ အောင်ချမ်းသာ(၁)လမ်းရှိ ငွေကျားအမှတ်တံဆိပ် ပဲဆီ၊ နှမ်း ဆီ၊ နေကြာဆီ ထုတ်လုပ်ရောင်းချသည့် ဆီစက်ပိုင်ရှင်အားတွေ့ဆုံပြီး စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့သည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်စည်အုပ်စု(၈)ခုအနက် အုပ်စု(က)ဖြစ်သော စားသောက်ကုန်စည် အုပ်စုတွင်ပါဝင်သော စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတို့ကို အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ပစ္စည်းများကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့်သာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှုရှိ၊မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားရန်နှင့် ကုန်အညွှန်းအမှတ်အသားရရှိပြီးမှသာလျှင် ဈေးကွက်တွင်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်း၊ ညွှန် ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု ပြစ်ဒဏ်များကျခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းရင်းဆေး ပညာဦးစီးဌာနှင့် ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာဝန်ခံ မသင်းသင်းစိုးနှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးပညာဦးစီးဌာန ၊စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၉.၅.၂၀၂၂) နေ့ ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စည်ပင်ဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထိုင်းနိုင်ငံထုတ် ရသေ့တိုင်း ရင်းဆေးများသည် ဓါတုဆေးဝါး အမြောက်အများပါဝင်သောကြောင့် အသုံးပြုရန် မသင့်သောကြောင့် မရောင်းချသင့်ကြောင်းနှင့် ဈေးကွက်အတွင်း ထိုင်းရသေ့ဆေးနှင့် အခြား ရွှေစင်၊ မှင်ရောဂါ အကြောပြေပျောက်ဆေးများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးမှ ဈေးကွက်အတွင်းရှိ ဆေးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု မရှိပါက မရောင်းချသင့်ကြောင်း ဆေးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေး စစ်ဆေးဆောင်ရွက်ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘီးလင်းမြို့နယ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

            မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘီးလင်းမြို့ပေါ်ရှိ ဆေးဆိုင် (၉) ဆိုင်သို့ သွားရောက်၍ Bella Plus Plaster အား ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကို ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

                Bella Plus Plaster သည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ကုမ္မဏီ၊ တင်သွင်းသည့် ကုမ္မဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(12) များဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်တင်သွင်းရောင်းချနေသူများအနေဖြင့် အကျိုး စီးပွားထိခိုက်နစ်နာနေမှုများ ကြုံတွေ့နေရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ဘီးလင်းမြို့ရှိဆေးဆိုင်များ၌ Bella Plus Plaster နှင့် ပတ်သက်၍ ဈေးကွက်အတွင်း ရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဝန်ဆောင်မှုကဏ္ဍအကြောင်း သိကောင်းစရာ

         ဝန်ဆောင်မှုဆိုသည်မှာ လှုပ်ရှားမှုလုပ်ဆောင်ချက်များ၊ ဖြစ်စဉ်များ၊ စွမ်းဆောင်ရည် လုပ်ဆောင်ချက်များကိုခေါ်သည်။ ဝန်ဆောင်မှုကိုရယူရာတွင်  လုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် လည်းကောင်း၊ Series အလိုက်သော်လည်းကောင်းရယူသည်။ ဝန်ဆောင်မှုသည် ထိတွေ့ ကိုင်တွယ်၍မရ၊ Customer Service employees တို့ကြားအပြန်အလှန်ဆက်သွယ်မှုရှိသည်။ ဝန်ဆောင်မှုသဘောတရားသည် ရှုပ်ထွေးနက်နဲသည့်အပြင် သိသာထင်ရှားစွာ ဖော်ပြရန် ခက်ခဲ ပါသည်။ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုကို ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှု သဘောသဘာဝကို အထူးသိရှိနည်းလည်ထားရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ဝန်ဆောင်မှုပေးရာတွင် ပြည်သူအား ဗဟိုပြုပြီး လုပ်ငန်းဆောင်ရွက်ရန်ဖြစ်ပါသည်။ ပြည်သူများ၏ လိုလားချက်နှင့်အကျိုးစီးပွားများကို အချိန်နှင့်တစ်ပြေးညီ သိရှိဆောင်ရွက်ပေးနိုင်ရေးကို ဦးတည်ပြီး နိုင်ငံ့ဝန်ထမ်းများက အမြဲအဆင့်သင့်ဖြစ်နေစေရန်၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရန်၊ တာဝန်သိခြင်း၊ တာဝန်ခံခြင်း၊ တီထွင်ကြံဆလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း၊ စိတ်ဆန္ဒထက်သန်ခြင်းစသည့် အရည်အသွေးများဖြင့် ဝန်ဆောင်မှုပေးရန်လိုအပ် ပါသည်။

          ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပညာရှင်များက အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ အချို့ပညာရှင်များက ထိတွေ့ကိုင်တွယ်၍မရသည့် စီးပွားရေးဆောင်ရွက်ချက်များအားလုံးကို ဝန်ဆောင်မှုဟုခေါ်သည်ဟု ဖွင့်ဆိုကြသည်။ ဝန်ဆောင်မှုပေးသူ Service Provider နှင့် လက်ခံသုံးစွဲသူ Customer ကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုဖြစ်သည်။ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အမျိုးအစား(၂)မျိုး ခွဲခြားလေ့လာနိုင်ပါသည်။ ယင်းအမျိုးအစား(၂)မျိုးမှာ ထိတွေ့ကိုင်တွယ်၍မရသောဝန်ဆောင်မှု (intangibility) နှင့် ထုတ်လုပ်မှုနှင့်စားသုံးမှုတစ်ပြိုင်တည်း ဖြစ်တည်သည့်ဝန်ဆောင်မှု (simultaneity) ဟူ၍ ဖြစ်ပါသည်။ ထိတွေ့ကိုင်တွယ်မှုမရသည့် ဝန်ဆောင်မှုသည်ရုပ်ဝတ္ထုများကဲ့သို့ ထိတွေ့ကိုင်တွယ်သည့်လုပ်ငန်းဆောင်ရွက်မှုသက်သက်မျှသာ ဖြစ်ပါသည်။တစ်ပြိုင်တည်းဖြစ်တည်သည့်ဝန်ဆောင်မှု စားသုံးသူနှင့်ဝန်ဆောင်မှု ဖြည့်ဆည်းသူတို့ ပါဝင်၍ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

          ဝန်ဆောင်မှုအမျိုးအစားများမှာ ပညာရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ စသည်တို့ဖြစ်သည်။ ယင်းဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် အချို့ဝန်ဆောင်မှုများသည် လုပ်သားအင်အားကို ပိုမို အသုံးပြုကြရပြီး အချို့ဝန်ဆောင်မှုများသည် စားသုံသူများ၏လိုအပ်ချက်အတိုင်း ပိုမိုလုပ်ဆောင်ပေးရသည့်လုပ်ငန်းများဟူ၍ ခွဲခြားနိုင်ပါသည်။

          ဝန်ဆောင်မှုအရည်အသွေးကို အခြေအနေ(၂)ခုနှင့်သုံးသပ်နိုင်ပါသည်။ တစ်ခုမှာ နောက်ဆုံး ရလာသည့် ရလဒ်နှင့်ဆုံးဖြတ်နိုင်ပြီး နောက်တစ်ခုမှာ ခံယူနေတဲ့အချိန် (moment of truth) အတွင်းတွင် ဝန်ဆောင်မှုအရည်အသွေးကို ဆုံးဖြတ်နိုင်ပါသည်။ စားသုံးသူနှင့်ဆက်သွယ်သည့် အချိန်တွင် ဖြစ်ပေါ်သည်။ ဝန်ဆောင်မှုအရည်အသွေးရှိပါက စားသုံးသူစိတ်ကျေနပ်မှုကို ဖြစ်ပေါ် စေသည်။ ဝန်ဆောင်မှုအရည်အသွေးမရှိပါက စားသုံးသူစိတ်ကျေနပ်မှုရရှိနိုင်မည် မဟုတ်ပါ။

          ဝန်ဆောင်မှုလုပ်ငန်းများအတွင်း စားသုံးသူစိတ်ကျေနပ်မှုရရှိသည်အထိ ပြန်လည်လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုအရည်အသွေးကို စားသုံးသူများက အချက်(၅)ချက်ဖြင့် တိုင်းတာကြသည်။ ယုံကြည်အားထားနိုင်မှု တုံ့ပြန်ဆောင်ရွက်ပေးနိုင်မှု၊ ယုံကြည်စိတ်ချရမှု၊ ကိုယ်ချင်းစာနာမှု၊ မြင်သာသည့်အချက်အလက်များဖြင့် တိုင်းတာနိုင်သည်။ ဝန်ဆောင်မှုတစ်ခုကို ရယူရာတွင် စားသုံးသူများသည် မျှော်လင့်ချက်များဖြစ်ပေါ်သည်။ မျှော်လင့်ချက်ကို ဝန်ဆောင်မှု ရယူပြီးသည်အချိန်တွင် အမှန်တကယ်ရရှိသည့်ဝန်ဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်ရာတွင် မျှော်လင့်သည့်အတိုင်းရရှိပါက စိတ်ကျေနပ်မှုရရှိမည်ဖြစ်ပါသည်။

          စားသုံးသူကာကွယ်ရေးဉပဒေအရ လုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သတ်၍ သတင်းအချက်အလက်များကို မှန်ကန်ပြည့်စုံစွာပေးခြင်း၊ လိုအပ်ချက်နှင့် ပြည့်စုံခြင်း၊ သတ်မှတ်ကာလအတွင်းဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းစသည့် အာမခံချက်များကို ပေးအပ်ရမည်ဖြစ်ပါသည်။ ယင်းအာမခံချက်များအတိုင်း လုပ်ငန်းရှင်မှ ကုန်စည်/ဝန်ဆောင်မှုပေးရန် ပျက်ကွက်ပါက စားသုံးသူသည် လျော်ကြေးပေးရန်၊ ကုစားခွင့်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိပါသည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်/ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကော်မရှင်၏ သဘောတူညီချက်နှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန ၊အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သောအစီအမံများ ပြုလုပ်ခြင်း၊ သက်ဆိုင်ရာ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ဘေးအန္တရာယ်ရှိ သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရေး အသိပညာပေး ကြေညာခြင်း၊ သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် အညီ လိုက်နာစေရေး ကြီးကြပ်ကွပ်ကဲခြင်း တားမြစ်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ပြည်သူများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဝန်ဆောင်မှုပေးလုပ်ငန်းများ၌ ဆောင်ရွက်သည့်လုပ်ငန်းသဘော သဘာဝသိရှိစေရန် ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပို့ချပေးသည်။ ဝန်ထမ်းများကလည်း လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများအောင်မြင်စွာ တိုးတက်ကောင်းမွန်လာသည်။

          စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအထဲမှ ဝန်ဆောင်မှုကဏ္ဍတစ်ခုအား ဖော်ပြရမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားဖော်ပြဆောင်ရွက်ခြင်းသည် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပုဒ်မ ၄၁၊ ပုဒ်မခွဲ(၈)ချက်ကို အလေးထားဆောင်ရွက်လာ‌ ကြောင်းတွေ့ရှိရသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သောကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအမျိုးအစား၊ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ်  ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြ ရန်သတ်မှတ်ထားသော အချက်အလက်များတို့ကို မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် ဖော်ပြရပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာနှင့်အခြားဘာသာတစ်ခုခုဖြစ်စေ တွဲလျက်ဖော်ပြထားရသည့်အတွက် စားသုံးသူ များအတွက် လုံခြုံစိတ်ချရမှုဖြစ်စေပါသည်။

          ဝန်ဆောင်မှုသည် စားသုံးသူပြည်သူများ၏အကျိုးစီးပွားကိုဆောင်ရွက်ခြင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုနှင့် စားသုံးသူကို တစ်ပြိုင်တည်း လုပ်ဆောင်ခြင်းဖြင့် စားသုံးသူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ကျန်းမာသောဘဝကို နေထိုင်နိုင်မည်ဖြစ် ပါသည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရန် မိမိရုံးဌာနသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အကောင်းဆုံးသော ဝန်ဆောင်မှုပေးနိုင်ရေး ဝန်ထမ်းများက တွေ့ဆုံဆွေးနွေးခြင်း၊ ပြုလုပ်မည့်ကုန်စည် အပေါ် လိုအပ်သည့် အချက်အလက် များအား ရှင်းလင်းခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

          သို့မှသာ ကုန်စည်ထုတ်လုပ်သည့်စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်အား ဈေးကွက်အတွင်းသို့ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းဆောင်ရွက်နိုင်သည်။ ဈေးကွက်အတွင်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိသော ကုန်စည်တို့ကိုသာလျှင် စားသုံးသူများက ရွေးချယ် ဝယ်ယူ၍ စိတ်ချယုံကြည်စွာသုံးစွဲလာကြသည်။ ဖော်ပြချက်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ပေးသောဝန်ဆောင်မှုသည် ပြည်သူအတွက် အကျိုးရှိသော၊ ကောင်းမွန်သော၊ ယုံကြည်အား ထားနိုင်မှုရှိသော ဝန်ဆောင်မှုဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်၏ကုန်စည်သည် စားသုံးသူက စိတ်ချ ယုံကြည်စွာသုံးစွဲနိုင်မှု လိုက်နာခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ပေးနိုင်မှု ဝန်ဆောင်မှုအဆင့်ဆင့် ဆောင်ရွက်ကြသည်။ နောက်ဆုံးစားသုံးသူများသည် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည် ကုန်စည်ကို ရွေးချယ်ပြီး စိတ်ချယုံကြည်စွာဖြင့် သုံးစွဲခွင့်ရသည့်အတွက် စိတ်ကျေနပ်မှုအပြည့်အဝ ရရှိစေပါသည်။ ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှုကြောင့်အောင်မြင်မှုရှိသော ဝန်ဆောင်မှုအရည်အသွေးကောင်းပြီး စားသုံးသူစိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေသည့် ဝန်ဆောင်မှုတစ်ခုဖြစ်စေရေးအတွက် လုပ်ငန်းရှင်နှင့် စားသုံးသူများအားလုံး လိုက်နာဆောင်ရွက်နိုင်ရန်နှင့် သိရှိစေရန် ဖော်ပြအပ်ပါသည်။

DOCA(မွန်)

                  

ဆီကြိတ်ခွဲရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး အသိပညာပေး

           ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၆.၅.၂၀၂၂)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စွမ်းမြေပဲဆီစက်သို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။ ရေကြည်မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်သည် စွမ်းမြေပဲဆီစက်ပိုင်ရှင် ဒေါ်စန်းစန်းမော်အား တွေ့ဆုံဆွေးနွေးရာတွင် ကုန်ကြမ်းရရှိမှု၊ တစ်နေ့ကြိတ်ခွဲနိုင်မှုပမာဏ၊ ဆီကြိတ်ခွဲ လည်ပတ်မှုအဆင့်ဆင့်နှင့် သန့်စင်သောဆီထွက်ရှိလာမှုတို့အား လိုက်လံကြည့်ရှု့မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ဆီများဈေးကွက်အတွင်းသို့ တင်သွင်းဖြန့်ဖြူးရောင်းချရတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် စည်းကမ်းချက်များကိုလည်းကောင်း၊ တင်ပို့ရောင်းချသော ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများရေးသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်များကို တိကျရှင်းလင်းစွာ ရေးသားဖေါ်ပြရမည့်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ငပုတောမြို့နယ်ရှိ ကုန်စုံဆိုင်များမှ ဟင်းရွက်ဆီဘူးများအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  မေလ ၅ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းရွက်ဆီဘူးများအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များတွင် Goody,Mazin အစရှိသည့် ဟင်းရွက်ဆီဘူးများ အား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ် အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာ ဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်အတွင်း ရောင်းချနေသည့် သွားတိုက်ဆေးဘူးများအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးအတွင်း၌ ရောင်းချနေသော သွားတိုက်ဆေးဘူးများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မေလ(၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များတွင် Colgate သွားတိုက်ဆေးများအား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသဖြင့် မရောင်းချရန်အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပခြင်း

           စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၆ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့  စီးပွားရေးရာဝန်ကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစည်ပင်သာယာဦးစီးဌာန၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တက်ရောက်ခဲ့ကြပါသည်။

        ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးကအဖွင့်မှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရတဲ့အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်ချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် ပတ်သက်ပြီး အကြံပြုဆွေးနွေးတင်ပြကြပါရန် ပြောကြားခဲ့ပါသည်။ စားသုံးသူကော်မတီ၏အတွင်းရေးမှူးဦးတင်အောင်ကျော်မှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များပြောကြားပြီး စားသုံးသူကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲပိုင်ခွင့်၊ စားသုံးသူ၏အခွင့်အရေးများနှင့် စားသုံးသူများ၏ တာဝန်များကိုရှင်းရှင်း လင်းလင်းအကျယ်တဝင့် ပြောကြားခဲ့ပါသည်။

       ထို့နောက် စားသုံးသူရေးရာကော်မတီဉက္ကဋ္ဌမှ စားသုံးသူများမှ မိမိအခွင့်အရေးများကို သိရှိစေရန်အတွက် ဗီနိုင်းများနှင့် လက်ကမ်းစာစောင်များတွင် ရှင်းလင်းသည့် ဥပမာများနှင့်တကွဖော်ပြ၍ စျေးများ၊ ရက်ကွက်များ၊ ကျေးရွာများတွင် ဗီနိုင်းကပ်ခြင်း၊ ဗီနိုင်းထောင်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ထိထိရောက်ရောက်ဆောင်ရွက်သွားရန် နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးအောင်မြင်စွာပြီးစီးကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News